ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA) တို့နှင့် ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီသည် အရေးမလှ စစ်ရှုံးနေသည့်အတွက် ပြည်သူလူထုကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည့်အပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ယနေ့ ဩဂုတ် ၆ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် တိုက်ပွဲဇုန်မဟုတ်သည့် မြို့ရွာများရှိ ပြည်သူလူထုတို့ကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကိုကျူးလွန်နေသည် ဟု ညီနောင် သုံးဖွဲ့ထွံက သိရသည်။

စစ်ကောင်စီသည် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ အသီးသီးထိန်းချုပ်ထားသည့် နယ်မြေအတွင်းမှ လောက်ကိုင်၊ သိန်းနီ(သိန္နီ)၊ ကွတ်ခိုင်၊ နမ့်ဆန်နှင့် မြောက်ဦးအစရှိသည့် မြို့နယ်များတွင် ဒေသခံ ပြည်သူများသွားလာနေရာ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများ၊ ဘာသာရေး အဆောက် အအုံများ၊ တံတားများ၊ မြို့ရွာများကို တိုက်လေယာဉ်များဖြင့် ဖျက်အားပြင်း ဗုံးများကြဲချကာ ပြည်သူကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။

စစ်ကောင်စီက ထိုသို့ ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက်ခိုက်နေသည့်အတွက် နေအိမ်အဆောက် အအုံများ ပျက်စီးဆုံးရှုံးမှုများနှင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု နေ့စဥ်ရက်ဆက်ကြုံ နေရကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ သြဂုတ် ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ညီနောင်သုံးဖွဲ့ ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးအသုံးပြုပြီး ဂျက်လေယာဥ်ဖြင့် ၄ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗုံးကြဲခံရသည့် ကွတ်ခိုင်မြို့လယ်၊ ကွတ်ခိုင်မြို့မစျေးနှင့် မြို့ထဲသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံ သုံး ဦးနှင့် မြို့လယ်တွင်နေထိုင်သည့် ဒေသခံ နှစ် ဦး စုစုပေါင်း ငါး ဦး ပွဲချင်းပြီး သေဆုံးခဲ့သည့် TNLA ကထုတ်ပြန်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီလက်လွှတ် လိုက်ရသည့် နယ်မြေဒေသရှိ တိုင်းရင်းသား မိဘပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုမှကင်းဝေးစေရန် ၎င်းတို့လမ်းညွှန်ပြောဆိုထားသည့် အတိုင်း နေထိုင်သွားလာကြပါရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် အထူးမေတ္တာရပ်ခံ တောင်းဆို ကြောင်း ညီနောင် မဟာမိတ်သုံးဖွဲ့က အသိပေးတိုက်တွန်းထားသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့ရွာများရှိ ဈေး၊ စာသင် ကျောင်း၊ ဆေးရုံ အစရှိသည်များကို ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်ကာ စစ်ရာဇဝတ် မှုကျူးလွန်နေမှုများကို ဝိုင်းဝန်း တားဆီးဟန့်တားရန် အိမ်နီးချင်းဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးကို အထူးယုံကြည်အားကိုးစွာဖြင့် တောင်းဆိုတိုက်တွန်းကြောင်း မြောက်ပိုင်း ညီနောင်သုံးဖွဲ့မှ ထုတ်ပြန်သည်။

တရုတ်နိုင်ငံကူမင်းမြို့တွင် ၂၀၂၃ ဒီဇင်ဘာလအတွင်းက စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကော်မတီ NSPNC နှင့် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့တို့တွေ့ဆုံစဉ် NSPNC အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးမင်းနိုင်က “မင်းတို့တိုင်းရင်းသားတွေရဲ့ မြို့ရွာဒေသတွေကို စစ်ရေးနည်းနဲ့ တိုက်ယူလို့ရခဲ့ရင် တောင် မင်းတို့ ဒေသတွေ ဘယ်တော့မှ အေးချမ်းသာယာမှာ မဟုတ်ဘူး။ ငါတို့မှာရှိတဲ့ လက်နက်ဆန်းတွေသုံးပြီး လေကြောင်းတိုက်ခိုက်ရေးနဲ့ အမြဲတမ်းဗုံးကြဲနေမှာပဲ”ဟု ပြောဆိုမှုများ ရှိခဲ့သည်။

စစ်ကောင်စီက ထိုသို ပြောဆိုခဲ့သည့်အတိုင်း MNDAA အုပ်ချုပ်သည့် လောက်ကိုင်၊ သိန္နီနှင့် TNLA အုပ်ချုပ်သည့် ကွတ်ခိုင်မြို့များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက် လျက်ရှိသည်။

ပုံစာ – ဩဂုတ် ၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကွတ်ခိုင်မြို့ပေါ်သို့ စစ်ကောင်စီ၏ ဗုံးကြဲခံရပြီး မြင်ကွင်း သေဆုံးမှုများရှိ(TNLA)
#ရှမ်းမြောက် #ညီနောင်မဟာမိတ်၃ဖွဲ့ #ထိန်းချုပ်နယ်မြေများ #စစ်ကောင်စီဗုံးကြဲ #စစ်ရာဇဝတ်မှုကျူးလွန် #Ayeyarwaddy_Times