
ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်
စစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်တစ်ခုဖြစ်သော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ထိုင်းအစိုးရကို ကူညီဆောင်ရွက်ပေးရန်တောင်းဆိုကြောင်းသတင်းရရှိသည်။
ယမန်နေ့က နေပြည်တော်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H. E. Mr. Mongkol Visitstump တို့တွေ့ဆုံရာတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ထိုင်းနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေများရှိကြောင်းကို ပြောကြားခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်တို့ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအကြောင်း ဆွေးနေကြောင်း သိရသည်။
အဆိုပါတွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများအကြောင်း၊ နိုင်ငံရေးပါတီများကိစ္စအါအဝင် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက ပြောကြားကြောင်းသိရသည်။
ထို့ပြင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးဆောင်ရွက်နေမှု နိုင်ငံရေးပါတီများ တည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်များ ခွင့်ပြုလျက်ရှိသည့် အခြေအနေများအပါအဝင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးဆောင်ရွက်နေကြောင်း စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဦးကိုကိုက ပြောကြားသည်။
ယင်းပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်တို့တွေ့ဆုံပြီး လာမည့်အောက်တိုဘာလအတွင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်၊ လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ ဒေသအချို့တွင်ရက်တိုးမြှင့်ကောက်ယူရန် လိုအပ်သည်များရှိပါက ထိုင်းနိုင်ငံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးရန်တောင်းဆိုကြောင်းသိရသည်။
ထို့ပြင် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးမှုနှင့် မြန်မာနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများကို ရှာဖွေကူညီဆောင်ရွက်ပေးနိုင်ရေးအခြေအနေများအကြောင်းပါဝင်ဆွေးနွေးကြကြောင်းသိရသည်။
ဓာတ်ပုံ – MOI
#စစ်ကောင်စီ #ရွေးကောက်ပွဲလုပ်ရန် #ထိုင်းအစိုးရ #အကူညီတောင်း# #လုံခြုံရေး #လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ #ဒေသအချို့တွင်သန်းခေါင်စာရင်းတိုးကောက်#Ayeyarwaddy_Times