
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၁ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မိုးညိုမြို့ နယ်၊ တောရကုန်းရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလင်မယား သြဂုတ်လ ၁၀ ရက် မနေ့ည ၇ နာရီ ၂၅ မိနစ်မှာ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရတဲ့သူဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနဲ့သူ့ရဲ့ ဇနီးဖြစ်ပြီး သူတို့အပိုင်လယ်ထဲက ငါးကန်ကို သွားရောက်နေတဲ့အချိန်မှာ သေနတ်နဲ့ ၆ ချက်ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။
ဦးမြင့်စိုးဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး စစ်ကောင်စီအမာခံသတင်းပေးတဦးဖြစ်သလို မိုးညိုမြို့နယ် သမဝါယမအလုပ်အမှုဆောင်တဦးလည်းဖြစ်ပြီးတော့ စစ်တပ်အလိုကျ သမဝါယမချေးငွေတွေကိုခြိမ်းခြောက်တောင်းခံပြီး CDM ဝန်ထမ်းတွေကိုဖမ်းဆီးခိုင်းပြီး PDF သတင်းတွေကိုအမြဲတမ်းစောင့်ကြည့်နေတဲ့သူလို့ ဒေသခံတွေကပြောပါတယ်။
” အုပ်ကြီးက စစ်တပ်ကဖွဲ့တဲ့ပျူစောထီးထဲမှာ ခေါင်း ဆောင်၊ NLD လက်ထက်က သမဝါယမချေးငွေတွေကို စစ်တပ်နဲ့ကိုင်ပေါက်ပြီးအမျိုးမျိုးတောင်းနေတာ။ သူ့ကြောင့် CDM ဝန်ထမ်းတွေလည်းဖမ်းခံရတာမနည်းဘူး။ စစ်တပ်အမာခံ ” လို့ မိုးညိုဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဒီပစ်ခတ်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ နဲ့ မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇေယျာသော်စစ်ဆင်ရေးအဖြစ် ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဦးမြင့်စိုး ရဲ့ ဇနီးဖြစ်သူကိုတော့ အော်ဟစ်နေတာကြောင့် ရည်ရွယ်ချက်မရှိဘဲပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
” ကျနော်တို့က အုပ်ကြီးကိုဘဲရှင်းဖို့သွားတာ၊ သူ့မိန်းမကိုပစ်ဖို့ရည်ရွယ်ချက်မရှိဘူး။ ဦးမြင့်စိုးကို ပစ်နေတဲ့အချိန်မှာ သူ့မိန်းကအော်ဟစ်နေလို့ မသေနိုင်တဲ့နေရာတွေကို ရွေးပြီးပစ်ခဲ့လိုက်တာ” လို့ သာယာဝတီခရိုင် PDF တာ ဝန်ရှိသူတဦးကပြောပါတယ်။
အုပ်ချုပ်ရေးမှူးရဲ့ဇနီးဖြစ်သူကို ရန်ကုန် ကုတင် ၁၀၀၀ စစ်ဆေးရုံကိုပို့ဆောင်ကုသနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။