ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်

ထိုင်းနိုင်ငံ ရွေးကောက်ပွဲ အတွင်း နေရာအများဆုံးဖြင့် အနိုင်ရခဲ့သည့် Move Forward ပါတီကို ဖျက်သိမ်းကြောင်း ယနေ့ ဩဂုတ် ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် MFP ပါတီဖျက်သိမ်းရန်ကြားနာပွဲတွင် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ချက်ချခဲ့ကြောင်းသိရသည်။

ထိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးမှ Move Forwardပါတီ(MFP)ကို ဖျက်သိမ်းရခြင်းမှာ ထိုင်းနိုင်ငံ၏ ဘုရင်စနစ် နှင့် နိုင်ငံတော်၏လုံခြုံရေးကို ထိခိုက်စေသည်ဟု စွပ်စွဲပြောဆိုခဲ့ပြီး ပါတီခေါင်းဆောင် Pita Limjaroenrat အပါအဝင် ပါတီထိပ်တန်းခေါင်းဆောင် ၁၁ ဦးကို နိုင်ငံရေးလှုပ်ရှားခွင့် ၁၀ နှစ် ကြာ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ Move Forward ပါတီမှ အမတ် ၁၄၃ ဦးမှာ လွှတ်တော်တွင် ၎င်းတို့ ရာထူးအတိုင်း ဆက်လက်ရှိနေသော်လည်း ပါတီခေါင်းဆောင်ပိုင်းများကို နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်လိုက်သည့်အတွက် ပါတီအသစ်တည် ထောင်ကာ ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် အခွင့်အလမ်းနည်းပါးသွားပြီဖြစ်သည်။

“ဒါက ဘာမှမပြောင်းလဲဘူးလို့ ကျွန်တော်ထင်တယ်။ ထိုင်းလူမျိုးတွေက ဒီကာလတစ်ချက် ကိုပဲ စိတ်ဝင်စားကြတာ။ ဒါပေမဲ့ နောက်ကျရင် မေ့သွားကြလိမ့်မယ်။ ထိုင်းအာဏာပိုင်တွေက လူငယ်မျိုး ဆက်သစ်တွေနဲ့ လက်မတွဲဘူး။ ထိုင်းက တခြားနိုင်ငံတွေနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ ထိုင်းကဘာမှမပြောင်းလဲခဲ့လို့ပဲ” ဟု ထိုင်းလူငယ်တစ်ဦးက ပြောသည်။

MFP ပါတီဖျကသိမ်းခံရမှုကြောင့် ယခုအခါ ထိုင်းနိုင်ငံတွင်း ဝေဖန်မှုများစွာဖြစ်ပေါ်နေပြီး ထိုင်းနိုင်ငံရေးအခြေ အနေ တင်းမာနိုင်ကြောင်းလည်း သုံးသပ်နေကြသည်။

Move Forward ပါတီသည် မြန်မာ့ ဒီမိုကရေစီ ပြောင်းလဲရေး နှင့်ပတ်သတ်သည့် နိုင်ငံရေးအခြေအနေကို အလေးထားပြီး ထိုင်းနိုင်ငံတွင် လူငယ်အများစု ထောက်ခံသည့် ပါတီတစ်ခုဖြစ်ကာ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင်လည်း လွှတ်တော်ကိုယ်စားလှယ် နေရာအများဆုံး ရရှိခဲ့သည်။

Move Forward ပါတီသည် မဲဆွယ်စည်းရုံးရေးကာလတွင် ဘုရင်စနစ်ပြုပြင်ရေး၊ စစ်တပ်ကို ပြန်လည်ဖွဲ့စည်းရေးတို့ကို အဓိကထား ပြောဆိုမဲဆွယ်ခဲ့သည့် ပါတီတစ်ခုဖြစ်သည်။

ဓာတ်ပုံ – အင်တာနက်
#ထိုင်း #moveforwardparty #ဖျက်သိမ်းခံရ #နိုင်ငံရေးလုပ်ခွင့်ပိတ်ပင် #ထိုင်းအစိုးရ #Ayeyarwaddy_Times