ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်

အာဏာသိမ်း စစ်ကောင်စီ၏ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် ပြီးခဲ့သည့်ဇူလိုင်လ တစ်လတာအတွင်း ပဋိပက္ခဒေသများတွင် အရပ်သားအမျိုးသမီးများ သေဆုံးမှုမှာ ၆၃ ဦးအထိရှိခဲ့ကြောင်း မြန်မာ့အမျိုး သမီးသမဂ္ဂ ထံက သိရသည်။

အရပ်သား အမျိုးသမီးသေဆုံးမှုများမှာ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးမှုအများဆုံးဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခံရမှု၊ မီးရှို့သတ်ဖြတ်ခံရမှု၊ ဒရုန်းဖြင့်တိုက်ခိုက်ခံရမှု၊ အကြောင်းမဲ့ သတ်ဖြတ်ခံရမှု၊ တိုက်ပွဲအတွင်း ကျည်ထိမှန်ခြင်း၊ မုဒိန်းပြုကျင့်ကာ သတ်ဖြတ်ခံရမှု စသည့်ဖြင့် အကြောင်းအရာ အမျိုးမျိုးဖြင့် သတ်ဖြတ်ခံရခြင်းများ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မှာ သတ်ဖြတ်ခံရသည့် အမျိုးသမီး ၂၂ ဦးဖြင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှ ၁၇ ဦးဖြင့် ဒုတိယ သတ်ဖြတ်ခံရမှု အများဆုံးဖြစ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union-BWU) က ထံက သိရသည်။

စစ်ကောင်စီကြောင့် ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်မှာ ၄၃ ဦးရှိခဲ့ကာ သေဆုံးခဲ့ရသည့်အမျိုးသမီး အရေ အတွက်က ပိုမိုများပြားခဲ့ပြီး မြေပြင်အခြေအနေတွင်မူ ယခုထက်ပိုမိုများပြားနိုင်ကြောင်း BWU က ဆိုထားသည်။

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းအကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခံရသည့် အမျိုးသမီး အရေအတွက် နှစ်ဦးအထိ ရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီက အာဏာသိမ်းခဲ့သည့် သုံးနှစ်တာကာလအတွင်း စစ်ကောင်စီ၏သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် အမျိုးသမီးအရေအတွက်မှာ ၁၀၉၀ ဦးအထိ ရှိပြီဖြစ်ကြောင်း ယနေ့ ဩဂုတ် ၆ ရက်နေ့တွင် ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#အမျိုးသမီးသေဆုံး #စစ်ကောင်စီသတ်ဖြတ် #ဇူလိုင်လ #အမျိုးသမီးကဏ္ဍ #အကြောင်းမဲ့သတ်ခံရ #Ayeyarwaddy_Times