
ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်
ရန်ကုန်တိုင်း၊ ဆူးလေမြို့တော်ခန်းမရှေ့တွင် စစ်တပ်ထောက်ခံသူများ၊ မဘသများ၊ မျိုးချစ်အဖွဲ့များနှင့် ကြံ့ခိုင်ရေးပါတီဝင်များ စုပေါင်း၍ ကိုးကန့်တပ်မတော် (MNDAA) ကို ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း သိရ သည်။
တပ်ထောက်ခံသူများသည် မြို့တော်ခန်းမရှေ့တွင် ယနေ့ နံနက် ၉ နာရီကစတင်၍ စစ်တပ်အလံများနှင့် တရားသောစစ်အောင်ရမည်၊ အကြမ်းဖက်မိစ္ဆာများ အမြစ်ဖြတ် ချေမှုန်းပေးရန်နှင့် MNDAA ကို ဆန့်ကျင်ရှုတ်ချကြောင်း ရေးထားသည့် ဗီနိုင်းများကိုင်ဆောင်၍ ဆန္ဒ ပြပွဲကို ပြုလုပ်ခဲ့သည်။
အဆိုပါဆန္ဒပြပွဲသည် စစ်ကောင်စီက အမိန့်ထုတ်စေခိုင်း ထားခြင်းဖြစ်ပြီး ဆန္ဒပြရန်အတွက် ဩဂုတ် ၅ ရက်နေ့ ညပိုင်းတွင် စာထုတ်၍ကားများစီစဉ်ထားရန် ညွှန်ကြားချက်တစ်စောင် ညတွင်းချင်း ထွက်ပေါ် လာသည်။
ယင်းညွှန်ကြားစာတွင် MNDAA ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ရန်ကုန်တွင် ပြုလုပ်မည်ဖြစ်ပြီး ပွဲသို့တက်ရောက်ရန် YBS-၉၁ စီးကို စီစဉ်ပေးရန်နှင့် အဆိုပါယာဉ်များအတွက် CNG များကို ဦးစားပေးထုတ်ပေးရန် ရန်ကုန်တိုင်းစစ်ကောင်စီက စာထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီသည် MNDAA ကိုဆန့်ကျင်ကြောင်း ဆန္ဒပြပွဲများကို နိုင်ငံတစ်ဝန်းတွင်ပြုလုပ်မည်ဖြစ်ပြီး ယနေ့ ဩဂုတ် ၆ ရက်နေ့မှ စတင်၍ အမျိူးသားရေးသမားများ၊ မဘသများနှင့် Non CDM များ အပါအဝင် လူအမြောက်အများစုဆောင်း၍ ပါဝင်ဆန္ဒပြရန် ခိုင်းစေထားကြောင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းထံက သိရသည်။
ယခုဆန္ဒပြပွဲတွင် အမျိုးသားရေးအစွန်းရောက်သူများနှင့် မဘသအဖွဲ့ဝင် တပ်ထောက်ခံသူ နောင်တော်လေး၊ ကိုဇော်ဘုန်းဟိန်းနှင့် ကိုစံဝင်းတို့က ဟောပြောမှုများပြုလုပ်ခဲ့ပြီး လူဦးရေ ၆၀၀၀ ခန့် ပါဝင်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ပုံစာ-ရန်ကုန်တိုင်း၊ ဆူးလေမြို့တော်ခန်းမရှေ့တွင် MNDAA ရှုတ်ချပွဲပြုလုပ်ခဲ့သည့် စစ်တပ်ထောက်ခံသူများ
#ရန်ကုန် #မြို့တော်ခန်းမ #တပ်ထောက်ခံ #မဘသ #မျိုးချစ် #MNDAA #ဆန့်ကျင်ကြောင်း #ဆန္ဒပြ
#Ayeyarwaddy_Times