ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်
ယာယီသမ္မတ၊ ဝန်ကြီးချုပ်နှင့် စစ်ဦးစီးချုပ် ရာထူး ၃ ခုရယူထားသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းမြောက်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဌာနချုပ်ကို လက်လွှတ်လိုက်ရသည့် အခြေအနေမှာ တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးနှင့် ဘေးကင်းရေးကို ဦးစားပေးစဉ်း စား၍ ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။
ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၅ ရက်နေ့ ညပိုင်းတွင် နိုင်ငံတော်၏ လုံခြုံရေးအခြေအနေများနှင့် ပတ်သက်၍ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ရှမ်းပြည်နယ်မြောက်ပိုင်း အခြေအနေနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ လက်ရှိ နေရာများရဲ့ လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေတဲ့သူတွေရဲ့ ဘေး အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေး စဉ်းစားပြီး ဆုတ်ခွာခဲ့ရတာလည်း ရှိပါတယ်။ ဒါကို MNDAA၊ TNLA သောင်းကျန်းသူ ပူးပေါင်းအဖွဲ့တွေနဲ့ နောက် ကွယ်ကနေ အားပေးအားမြှောက်ပြုနေတဲ့ ပြည်တွင်း ပြည်ပက လောက် ကောင်တွေနဲ့ ချိတ်ဆက်ပြီး သူတို့ခိုင်းစေတဲ့ နိုင်ငံများရဲ့အလိုကျ မြန်မာပြည်သူလူထု စိတ်မချမ်းမသာဖြစ်အောင် အင်အားလျော့လာအောင် ဝါဒဖြန့်ချိတာတွေ လုပ်ဆောင်နေပါတယ်”ဟု ၎င်းကဆိုသည်။
ရှေ့တန်းစစ်မျက်နှာပြင်များအပြင် စစ်ရေးပစ်မှတ် မဟုတ်သည့် ပြည်သူလူထုနေထိုင်သည့် မြို့ပေါ်နှင့် ကျေးရွာများကိုပါ ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ခေါင်း ဆောင်က လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းတော့မည် မဟုတ်ဘဲ ဘုံရန်သူအဖြစ်သတ်မှတ်ကာ ရှမ်းမြောက်ဒေသကို သာမဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းမှုရရှိသည်အထိ ကြိုးပမ်း ဆောင်ရွက်သွားမည်ဟုလည်းပြောကြားခဲ့သည်။
ယင်းသို့ဆောင်ရွက်သွားမည်ဟုဆိုသော်လည်း ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားလက်နက်ကိုင်တပ်များက ၎င်းအားတော်လှန်ပုန်ကန်နေကြကြောင်း၊ ပြည်သူက စစ်ကောင်စီစီတပ်အား ထောက်ခံပေးကြရန်နှင့် ဝိုင်းဝန်းဆန့်ကျင်ရန်လိုကြောင်း စစ်ခေါင်း ဆောင်က ပြောကြားရာတွင် စကားများပင် မပီဘဲ ဗလုံးဗထွေး ပြောဆိုခဲ့သည်။
ထို့အပြင် စစ်ခေါင်းဆောင်က လူမျိုးရေးပဋိပက္ခဖြစ်စေရန်ရည်ရွယ်၍ “သူတို့အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ ဒေသတွေကိုကြည့်ရင် သူတို့လူမျိုးနေထိုင်တဲ့ ရာခိုင်နှုန်းအနည်းငယ်သာ ရှိတာကိုလည်း တွေ့နိုင်ပါတယ်” ဟု မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။
စစ်တပ်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) လက် မှတ်ထိုးသည့်အဖွဲ့များနှင့် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များကလည်း PDF များကို စစ်သင်တန်းပေးပြီး PDF များ၏ တိုက်ခိုက်မှုကို နိုင်ငံတစ်ဝန်း နေရာအနှံ့မှ ကြုံတွေ့နေရကာ မထိန်းနိုင်သေးကြောင်း ဝန်ခံပြောဆိုလာသည်။
“KNU အနေနဲ့ တပ်မဟာ ၁၊ ၃၊ ၅ သုံးခုပေါင်းပြီး စစ် တောင်းမြစ်တစ်ဝိုက်မှာ တိုက်ကွက်များ ဖော်ဆောင်နိုင်ဖို့အတွက် လက်ရှိ KNU ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ်တို့က ပူး ပေါင်းကြံစည်လျက်ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိထားပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။
တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပြင် ၎င်းတို့ကို တိုက်ခိုက်နေသည့် ဒရုန်းများမှာ ပြင်ပကြေးစားများနှင့်ပူးပေါင်း၍ နည်းပညာအရအဆင့်မြှင့်တင်ထားကြောင်း စစ်ခေါင်းဆောင်က မျက်နှာမသာမယာဖြင့်ပြောဆိုခဲ့သည်။
ယနေ့ စစ်ခေါင်းဆောင်ကိုယ်တိုင် ထွက်ပြောသည့် မိန့်ခွန်းသည် စစ်ရေးအရ၊ စီးပွားရေးအရ အရေးပါ အချက်အခြာကျသည့် အရှေ့မြောက်တိုင်း စစ်ဌာ နချုပ်ကြီးလက် လွှတ်ဆုံးရှုံးရပြီးနောက် ပြောကြားခဲ့ ခြင်းဖြစ်သည်။
#စစ်ကောင်စီ #စစ်ခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #မိန့်ခွန်း #Ayryarwaddy_Times