ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်

ဧရာဝတီတိုင်းရှိ ရေဘေးသင့်မြို့နယ်အချို့၌ ရေကြီးမှုအကြောင်းပြကာ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့်စားအုန်းဆီမှာ ယခင်ထက်ဈေးနှစ်ဆနီးပါးမြင့်တက်သွားခဲ့ကြောင်း ဒေသခံများနှင့် အခြေခံစားသောက်ကုန်ရောင်းချသူများထံက သိရသည်။

ပုသိမ်မြို့တွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များ၌ ဆန်ကြမ်းအမျိုးအစားဖြစ်သော ရွှေဝါထွန်းနှင့်ငစိန်ဆန်တို့မှာ တစ်ပြည်လျှင် ယခင် ၅၀၀၀ ကျပ်မှ ယခု ၁၀၀၀၀ ကျပ်၊ ဆန်အချောဖြစ်သောပုသိမ်ပေါ်ဆန်မွှေးနှင့် မြောင်းမြပေါ်ဆန်မွှေး တစ်ပြည်လျှင် ယခင် ၁၃၀၀၀ ကျပ်မှ ယခု ၂၆၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေးတစ်ပြည်လျှင် ယခင် ၁၂၀၀၀ ကျပ် ယခု ၂၄၀၀၀ ကျပ် နှင့် စားအုန်းဆီတစ်ပိဿာလျှင် ယခင် ၅၆၀၀ ကျပ်မှ ယခု ၁၇၀၀၀ ကျပ်အထိ မြင့်တက်သွားခဲ့ကြောင်း ပုသိမ်မြို့ခံများကပြောဆိုသည်။

“ဈေးက ထက်ဝက်တက်သွားတာ။ ဆန်ကြမ်းဆိုရင် အခုတစ်သောင်းဝန်းကျင်ဖြစ်နေတယ်။ ဆန်ချောဆိုရင် တစ်ပြည်ကို သုံးသောင်းနီးပါး ဖြစ်သွားပြီ။ စားအုန်းဆီ ဆိုရင်အခုတစ်ပိဿာ ၁၇၀၀၀ ဖြစ်နေတယ်။ ရေကြီးတယ်ဆိုပြီးတော့ဈေးတွေတက်ကုန်တယ်။ အခု ရေသာပြန်ကျသွားတယ်ဈေးကပြန်မကျဘူးပေါ့။ လစာတိုးတယ်ကြားတာနဲ့ ချက်ခြင်းကိုဈေးတင်ရောင်းတော့တာပဲ”ဟု ပုသိမ်မြို့ခံ အိမ်ထောင်ရှင်မတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် ကန်ကြီးထောင့်၊ သာပေါင်း၊ ညောင်တုန်း၊မအူပင်၊ဟင်္သာတ၊ ဇလွန်၊ကြံခင်းနှင့်မြန်အောင်စသော မြို့နယ်များ၌အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့်စားအုန်းဆီ ဈေးနှုန်းများမြင့်တက်နေကာ ဆန်ကြမ်း တစ်ပြည်လျှင် ယခင် ၄၀၀၀ ကျပ် မှ ယခု ၉၀၀၀ ကျပ် နှင့် စားအုန်းဆီတစ်ပိဿာလျှင် ယခင် ၅၀၀၀၀ ကျပ်မှ ယခု ၁၂၀၀၀ ကျပ်ဝန်းကျင်ထိ ဖြစ်ပေါ်နေကြောင်းအခြေခံစားသောက်ကုန်ရောင်းချသူများထံက သိရသည်။

ထိုသို့အခြေခံစားသောက်ကုန်ဈေးနှုန်းများမြင့်တက်နေမှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ကူညီထေက်ပံ့ရန်အခက်အခဲများကြုံတွေ့နေရကာ အကူအညီများကိုအကန့်အသတ်ဖြင့်သာ လုပ်ဆောင်နေရကြောင်း ရေဘေးသင့်ကူညီရေးလုပ်ဆောင်သူများထံကသိရသည်။

“ ဆန်တွေဆီတွေဈေးတက်နေတော့ ရေဘေးသင့်တဲ့သူတွေကိုလှူဖို့ အခက်အခဲဖြစ်တာပေါ့။ ပုံမှန် ငါးထောင်တန် ရှိတဲ့ဆန်ကို တစ်သောင်းလောက်အထိဈေးတွေတက်တယ်။ဆီဆိုရင်လည်း ၇၀၀၀ တန်ဆီကို တစ်သောင်းခွဲတောင် ဈေးတင်ရောင်းတာဆိုတော့ လှူပေးဖို့အတွက်ကချိန်ရတာပေါ့။ အိမ်ခြေ ၃၀၀ လောက်လှူမယ်ဆိုရင်တော့အခုဈေးနဲ့က အိမ်ခြေ၁၀၀ လောက်ပဲလှူပေးနိုင်တော့တယ်”ဟု ဟင်္သာတမြို့ရှိရေဘေးကူညီရေးလုပ်ဆောင်သူတစ်ဦးက ဆိုသည်။

အလားတူ ဧရာဝတီတိုင်းရှိ သာပေါင်းမြို့နယ်နှင့် ညောင်တုန်းမြို့နယ်တို့၌ ပြီးခဲ့သည့်ဇူလိုင်လ အတွင်းရေကြီးမှုအပေါ် အကြောင်းပြကာ မြို့နယ်စစ်ကောင်စီဝန်ထမ်းအချို့မှ အခြေခံစားသောက်ကုန်ရောင်းချသူများဖြင့်ပူးပေါင်းကာ မှောင်ခိုဈေးကွက်ပုံစံရောင်းချမှုကြောင့် မြို့တွင်းရှိအခြေခံစားသောက်ကုန်ရောင်းချသည့်ဆိုင်များ၌ ဆန်ကြမ်းတစ်ပြည်လျှင် ငွေ တစ်သောင်းကျပ် နှင့် စားအုန်းဆီတစ်ပိဿာလျှင်ငွေ တစ်သောင်းခွဲကျပ်ဝန်းကျင်အထိ စျေးပေါက်ခဲ့သည်။

ပုံစာ- မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဧရာဝတီမြစ်ရေမြင့်တက်ကာရေကြီးမှုဖြစ်ပေါ်နေသည်ကိုတွေ့ရစဉ်။
#ဧရာဝတီတိုင်း #ရေဘေးသင့် #ရေကြီးမှုအကြောင်းပြ #ဆန်နှင့်စားအုန်းဆီ #ဈေးနှစ်ဆနီးပါးမြင့်တက် #Ayeyarwaddy_Times