ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့များ မောင်တောမြို့အတွင်းတွင် ဆုတ်ခွာနေရာယူနေကြောင်း သိရသည်။
AA သည် ပြီးခဲ့သည့် ဩဂုတ် ၃ရက်နေ့က ရွှေဇားရွာရှိ ရွှေဇားတံတားကို ထိန်းချုပ်ခဲ့ရာ ရွှေဇားရွာ အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ARA၊ ARSA နှင့် မူဆလင်လက်နက်ကိုင်များသည် မောင်တောမြို့အတွင်းသို့ ဝင်ပြေးလာကြကြောင်း ဒေသခံများထံက သိရသည်။
“မူဆလင်လက်နက်ကိုင်တွေက အရပ်သားတွေနဲ့ ရောနှောပြီး လာနေကြတယ်။ ရွှေဇားကနေပြေးလာ ကြတဲ့သူတွေများတယ်။ မြို့ထဲမှာက ဟိန္ဒူနဲ့ မူဆလင်အချို့ကျန်နေသေးတယ်။ သူတို့လည်း ဘေးလွတ် ရာကို ဥဒဟိုပြေးနေကြတာမှာ စစ်တပ်က သူတို့ကို အကာအကွယ်ယူပြီး ရောပြေးနေတာပေါ့” ဟု မောင်တော ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာရက္ခတပ်တော် (AA) သည် မောင်နီရွာရှိ စစ်ကောင်စီတပ်ဖွဲ့များကို ဒရုန်းဗုံးများဖြင့်ပါ ကြဲချတိုက်ခိုက် နေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့များ အသေအပျောက်များပြီး ကျန်ရှိတပ်ဖွဲ့များလည်း မောင်တော မြို့တွင်းသို့ ကစဉ့်ကလျားဝင်ပြေးကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၁ရက်နေ့ကလည်း မောင်တောမြို့ နခခ-၅ မြို့သူကြီးရှိ စစ်ကောင်စီတပ်ဖွဲ့များ စခန်း စွန့်ခွာဆုတ်ပြေးကြပြီး စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းတို့မှ လက်နက်ကြီးများများ ပစ်ခတ် အကူအညီပေးနေရကြောင်း သိရသည်။
ရွှေဇားရွာ တံတားကို AAက ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ပြီး စစ်ကောင်စီ နေဗီများမှနေ၍လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
လက်ရှိတွင် နခခ ၅မြို့သူကြီးနှင့် မောင်နီရွာ၊ ရွှေဇားရွာတို့မှထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများကို အကာအကွယ်ပြု၍ မောင်တောမြို့တွင်း ဝင်ပြေးနေကြောင်း သိရသည်။
ဓာတ်ပုံ-အင်တာနက်
#မောင်တော #ရွှေဇား #မောင်နီရွာ #စစ်ကောင်စီတပ် #မြို့အတွင်းဝင်ပြေး #ဒေသခံများ #အကာအကွယ်ပြုလုပ် #Ayeyarwaddy_Times