
ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ရက်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အနောက်ပိုင်းရှိ ကျေးရွာတချို့ကို စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ် ၄ရက်နေ့က အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) အတွင်းမှ မြို့ပေါ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
တောင်ကုတ်မြို့အနောက်ဘက်ရှိ ဝဲကြီး၊ ဝက်ကျိတ်၊ မှိုဟင်းတောနှင့် ရွှေလင်းယုန်ဆိပ်ကမ်းများဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေပြီး မြို့တွင်းတွင်လည်း အင်အား ၅၀ ခန့်ဖြင့် နေ့စဉ်အင်အားပြ ကင်းလှည့်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
“စကခ ၅ ဘက်ကနေ တောင်ကုတ်မြို့ထဲကို လက်နက်ကြီးတွေနဲ့ပစ်တယ်။ လူနေအိမ်တွေဘက် မကျလို့ အထိ အခိုက်တော့ နည်းတယ်။ စစ်ရှောင်ဖို့ကျတော့ စစ်ကောင်စီဂိတ်တွေက ပေးမထွက်ဘူး ပိတ်ထားတယ်။ ဆေးရုံပြဖို့ ဆေးထောက်ခံစာနဲ့ထွက်ဖို့လည်း အစောင့်တစ်ဦးအပြင် ပိုလက်မခံ ဘူးဆိုတော့ မိသားစုတွေကို ချန်ထားခဲ့ရမှာလေ။ အခုက မြို့ထဲမှာလည်း စစ်ကြောင်းက နေ့တိုင်းလှည့် နေတယ်” ဟု တောင်ကုတ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက တောင်ကုတ်မြို့ရှိ အထပ်မြင့်အဆောက်အဦးများနှင့် လူနေရပ်ကွက်များရှိ အထပ်မြင့် အဆောက် အဦးများတွင် လုံခြုံရေးများချထားပြီး စနိုက်ပါများတပ်ဆင်ကာ တပ်စွဲထားကြောင်း သိရသည်။
စစ်ကောင်စီသည် တောင်ကုတ်မြို့အထွက် ဖုံညိုစစ်ဆေးရေးဂိတ်တွင်လည်း လုံခြုံရေးထူထပ်စွာ ချထားကာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အရပ်သား ၃၀နီးပါးကို ဖမ်းဆီး၍ ခမရ ၅၄၄ တပ်ရင်း အတွင်း ခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်ကောင်စီသည် သံတွဲမြို့ကို AA က ထိန်းချုပ်ထားပြီးနောက်ပိုင်း တောင်ကုတ်နှင့် ဂွမြို့တို့တွင် စစ်အင်အားတိုးချဲ့၍ ခံစစ်ပြင်ဆင်လျက်ရှိသည်။
#တောင်ကုတ် #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #စစ်ကြောင်းထိုး #Ayeyarwaddy_Times