ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်

စစ်ကောင်စီက မြန်မာတစ်နိုင်ငံလုံးနီးပါးကို အင်တာနက်အပါအဝင် တယ်လီဖုန်းဆက်သွယ်ရေး လိုင်းများ ဖြတ်တောက်ထားသဖြင့် မိသားစု၊ မိတ်ဆွေများအချင်းချင်းဆက်သွယ်ရာတွင် စာပို့စနစ် အသုံးပြုနေရပြီး စာတစ်စောင်ကို ငွေကျပ် ၈၀၀၀ ပေးရကြောင်းသိရသည်။

စစ်ကောင်စီ အာဏာသိမ်းထားသည့် သုံးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ တွင် အင်တာနက်နှင့်ဆက်သွယ်ရေးဖြတ်တောက်ခံထားရသည့်မြို့ပေါင်း ၃၀၁ မြို့ရှိလာပြီဖြစ်ကြောင်း Myanmar Internet Project က ထုတ်ပြန်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ တနိုင်းမြို့နယ်ကို အသွားအပြန်စာပေးစာယူဆက်သွယ်ရာတွင် စာတစ်စောင် ကျပ် ၈၀၀၀ ပေးရပြီး မိုလ်ဘိုင်းဆက်သွယ်ရေး GSM စနစ်မရသဖြင့် CDMA ဖုန်းလိုင်စနစ်ကို ရှာဖွေသုံးစွဲနေရကြောင်း တနိုင်းမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မိုးမိတ်မြို့နယ်အပါအဝင် အခြားမြို့နယ်များတွင် စာပေစာယူနစ်ကို အသုံးပြု၍ ဆက်သွယ်နေရကြောင်း ဒေသခံများထံက သိရသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်ခဲ့သော လားရှိုး၊ ကျောက်မဲ၊ နောင်ချို့မြို့နယ်များတွင် အင်တာနက်နှင့် ဖုန်းဆက်သွယ်ရေးလိုင်းပိတ်ထားခံရကာ စစ်ဘေးရှောင်မိသားစုများအချင်းချင်း အဆက်အသွယ်ပြတ်တောက်နေပြီး အကျိုးအကြောင်းမသိရသဖြင့် စိတ်ပူနေရကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

“ လားရှိုးမှာအလုပ်သွားလုပ်တာ ဒီတစ်လလုံးက တိုက်ပွဲတွေဖြစ်တော့ ပြန်လာပြီးလား၊ ဘယ်ကို စစ်ရှောင်လဲ မသိရဘူး။ အိမ်ကိုအခုထိအဆက်အသွယ်မလုပ်သေးဘူး” ဟု ရန်ကုန်တွင် နေထိုင် သည့် မိသားစုဝင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် လားရှိုးမြို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ဆက်ဆံရေးရုံးရှိ ဂြိုဟ်တု ဝိုင်ဖိုင်ကို ဒေသခံများအသုံးပြုနိုင်ပြီးဖြစ်ကာ လူ ၁၀၀ ကျော်သုံးစွဲလျက်ရှိကြောင်း ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ၎င်း၏ Facebook လူမှုကွန်ရက်စာ မျက်နှာတွင်ရေးသားသည်။

ယင်းပြင် အင်တာနက်နှင့် ဆက်သွယ်ရေးဖြတ်တောက်မှုအများဆုံးရသည့် ရခိုင် ပြည်နယ်အတွင်းရှိ ဒေသခံများသည် သတင်း အချက်အခက်သိရှိနိုင်မှုအပါအဝင် မိသားစုအချင်းချင်းဆက်သွယ်ရေးကိစ္စများနှင့် လူမှုစီးပွားရေး အခြေအနေများသိရှိရန် ခက်ခဲနေကြောင်း သိရသည်။

“ရခိုင်တစ်ပြည်လုံးအဆက်သွယ်မရဘူးလေ။ ကိုယ်ကတော့ရန်ကုန်ရောက်တာကြာပြီ။ အဖေက မရှိတော့ဘူး။ အမ်းမှာ အမေပဲရှိတော့တယ်။ ညီကိုမောင်နှမနဲ့ ဆွေမျိုးတွေကျန်တာပေါ့။ AA တိုက်ပွဲပြင်းနေတဲ့ ဒီနှစ်ထဲမှာ အဆက်သွယ်ခက်သွားတာ။ ရန်ကုန်ကနေဆက်မရဘူး။ သူတို့ဆီက လိုင်းရှာဆက်မှရတယ်။ စိတ်ပူတာပေါ့ ။ တစ်လနေလို့ တစ်ခါဖုန်းမရဘူး” ဟု အမ်းမြို့ဇာတိမှ ရန်ကုန်မြို့တွင်အခြေချနေထိုင်သူ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက အင်တာနက်ဖြတ်ထားသည့် တိုင်းနှင့်ပြည်နယ်များတွင် စစ်ကိုင်းတိုင်းနှင့် ကချင် ပြည်နယ်တို့ မှ အများဆုံးဖြစ်ပြီး မကွေး၊ ရှမ်း၊ ကယား ချင်း၊ ရခိုင်၊ မန္တလေး၊ ပဲခူး၊ ကရင်၊ တနင်္သာရီနှင့် ရန်ကုန်တိုင်းရှိ မြို့နယ်များပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ – ဦးညီရန်း ၊ ဧရာဝတီတိုင်းမ်
#စစ်ကောင်စီ #အင်တာနက်ဖြတ်တောက် #ဖုန်းလိုင်းဖြတ် #ဆက်သွယ်ရေးခက်ခဲ #မြို့နယ်များပြားလာ #Ayeyarwaddy_Times