ဧရာတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်

 

စစ်ကော်မရှင်၏ နယ်စပ်ကုန်သွယ်ရေး ပိတ်ထားမှုကြောင့် ပြည်တွင်း၌ ကုန်ပစ္စည်းမျိုးစုံပြတ်လပ်နေချိန် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကျိုးစီးပွားအတွက် တရားဝင်လမ်းကြောင်းမှ ကုန်သွယ်မှုမြှင့်တင်ရန် နည်းလမ်းများ ဆွေးနွေးနေကြောင်း စစ်ကော်မရှင်သတင်းစာတွင် ဖော်ပြထားသည်။

 

တရားမဝင်ကုန်သွယ်မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများနှင့် မတည်ငြိမ်မှုများဖြစ်ပေါ် သည်ဟု စစ်ကောင်စီက အကြောင်းပြပြောဆိုလျက်ရှိသည်။

 

ယမန်နေ့က နေပြည်တော်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow တို့တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

တရားမဝင်ဂိတ်များမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများကြောင့် ဖြစ်ပေါ်သည့် နောက်ဆက်တွဲဆိုးကျိုးများနှင့် မတည်ငြိမ်မှုများအား ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကျိုးစီးပွားကို ရှေးရှုလျက်တရားဝင်လမ်းကြောင်းမှ ကုန်သွယ်မှုမြှင့်တင်ရေးအပေါ် အမြင်ချင်းဖလှယ် ခဲ့ကြသည်ဟုဆိုသည်။

 

လက်ရှိတွင်စားသောက်ကုန်ပစ္စည်းများအပါအဝင် လူသုံးကုန်များ၊ ကွန်ပျူတာ၊ နည်းပညာပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများစွာပစ္စည်းပြတ်ရှားပါးနေကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။

 

“ကုန်ပစ္စည်းတွေတော်တော်ပြတ်နေတယ်။ လုပ်ငန်သုံးကုန်တွေနဲ့ စားသောက်ကုန်တွေရော လမ်းကြောင်းတွေအကုန်ပိတ်ထားတော့ ဘာမှပစ္စည်းမှမရဘူး။ အရဲစွန့်ပြီး ကုန်သယ်တဲ့ကားတွေ ဖမ်းခံရတော့ တော်ရုံအလုပ်လုပ်မရဲကြတော့ဘူး။ စားသုံးကုန်ဆို ဟင်းခတ်အမွှေးအကြိုင်ကအစ ပစ္စည်းပြတ်တယ်။ ကျန်တာတွေဘာမှဝယ်မရတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

ယခုနှစ်ပိုင်းအတွင်း စစ်ကော်မရှင်က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုကာ နယ်စပ်လမ်းကြောင်းပေါင်းစုံကို တင်းကြပ်စွာစစ်ဆေးမှုကြောင့် ကုန်သွယ်ရေးအခက်အခဲများ ကြုံတွေ့ရပြီး ကုန်ပစ္စည်းရှားပါးနေကြောင်းသိရသည်။

 

နယ်စပ်ဒေသမှ တရားမဝင်ကုန်သွယ်မှုများကြောင့် ပြည်တွင်းထုတ်ကုန်များကို ထိခိုက်စေပြီး လက်နက်ကိုင်အဖွဲ့များ ကြီးထွားမှုဖြစ်စေကြောင်း စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောကြားထားသည်။

 

ပြီးခဲ့သည့် ဩဂုတ်လက ထိုင်းကုန်စည်များ မြန်မာဘက်သို့ ဝင်ရောက်ခွင့်ပိတ်ရန်အတွက် မြဝတီ – မဲဆောက်ချစ်ကြည်ရေးတံတား အမှတ် (၂) ကို ရုတ်တရက်ပိတ်ချလိုက်သည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်