ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ ဒီဇင်ဘာ ၈ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် (AA) စစ်ဆေးရေးဂိတ်တွင် အသက်မပြည့်သေးသည့် ကျောင်းသူတစ်ဦး အပါအဝင် အမျိုးသမီးနှစ်ဦးသည် တစ်ပတ်(၇ရက်)ကျော် ကြာသည်အထိ ထိန်းသိမ်းခံထားရပြီး မိသားစုနှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်နေကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။
ထိန်းသိမ်းခံရသည့် ကျောင်းသူနှစ်ဦးမှာ ပလက်ဝမြို့နယ်အထက်ပိုင်းရှိ အထက်ငရှားကျေးရွာမှ အသက် ၁၇ နှစ်အရွယ် အွေ့ နန်းဝေ နှင့် အထက်နူံးဘူးကျေးရွာမှ အသက် ၁၈ နှစ်အရွယ် အွေ့ဟွေ့ရီ တို့ဖြစ်ကြောင်း သိရသည်။
အွေ့ နန်းဝေ နှင့် အွေ့ ဟွေ့ရီ တို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့သို့ ကျောင်းတက်ရန် စက်လှေဖြင့် သွားရာ၌ အိန္ဒိယ-မြန်မာနယ်စပ် ရှင်းလက်ဝကျေးရွာရှိ AA ၏ ဂိတ်တွင် “စစ်ဆေးစရာရှိသည်” ဟုဆိုကာ ထိန်းသိမ်းခံရခြင်း ဖြစ်သည်။

“ပလက်ဝမှာ နိုင်ငံရေး မကောင်းတော့ ကျောင်းမတက်တာ တစ်နှစ်ကျော်လောက်ရှိပြီ။ ဒီနှစ်တော့ ရန်ကုန်မှာ ကျောင်းဆက်ထားမယ်ဆိုပြီး သွားကြတာ။ ရှင်းလက်ဝ ဂိတ်ရောက်မှ ULA/AA တပ်ဖွဲ့ဝင်တွေက စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ” ဟု ထိန်းသိမ်းခံရသည့် မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ကျောင်းသူနှစ်ဦးသည် ထိန်းသိမ်းခံရသည့် ဒီဇင်ဘာ ၁ ရက်နေ့မှ ယနေ့ထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသလို မိသားစုများနှင့်လည်း လုံးဝ အဆက်အသွယ် ပြတ်တောက်နေသည်။ ထို့ပြင် မည်သည့်နေရာတွင် မည်သည့်အကြောင်းပြချက်ဖြင့် ထိန်းသိမ်းထားသည်ကို မိသားစုဝင်များက လုံးဝသိရှိရခြင်းမရှိကြောင်း သိရသည်။
“မိသားစုဝင်နဲ့ အဆက်သွယ်မရတာက သူတို့ခေါ်သွားကတည်းကပါ။ မိဘတွေက မိန်းကလေးတွေ ချည်းဆိုတော့ စိတ်ပူကြတယ်။ အဆက်သွယ် လုံးဝ မရတော့ ပိုဆိုးတာပေါ့” ဟု မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အသက်မပြည့်သေးသူတစ်ဦး ပါဝင်သည့် ကျောင်းသူနှစ်ဦးအား တစ်ပတ်ကျော်ကြာ အဆက် အသွယ်မရဘဲ ထိန်းသိမ်းထားသည့်အတွက် အသက်အန္တရာယ်နှင့် လုံခြုံရေးကိုပါ စိုးရိမ်ပူပန်နေကြပြီး ULA/AA အနေဖြင့် အမြန်ဆုံး ပြန်လွတ်ပေးရန် မိသားစုဝင်များက တောင်းဆိုလျက်ရှိသည်။
ပလက်ဝ ကျောင်းသူနှစ်ဦး ထိန်းသိမ်းရခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိရန် အာရက္ခတပ်တော် (/AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဧရာဝတီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း လက်ခံ ဖြေကြားခြင်းမရှိပေ။
ပုံစာ-ပလက်၀ဒေသမြင်ကွင်း။