ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်

ကရင်နီပြည်နယ်တွင် စစ်ကော်မရှင်က လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်များသို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့ နှစ်ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့က လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို ညအချိန် အကြောင်းမဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ် ခဲ့သော်လည်း အရပ်သားထိခိုက်မှုမရှိကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ထံမှ သိရသည်။

“ကြဲတဲ့ပုံစံကြည့်တော့ နေရာမရှောင်ဘူးပေါ့နော်။ စစ်ကောင်စီ(စစ်ကော်မရှင်)က စစ်ရေးပစ်မှတ်လား လူထုပစ်မှတ်လားရှောင်ခဲ့တာမရှိဘူးပေါ့နော်။ သူတို့ရဲ့လုပ်ထုံးလုပ်နည်းအတိုင်း သူတို့အလုပ်သူတို့ လုပ်နေကြတာ။ လူထုတွေသေကြေပျက်စီးတာတွေဖြစ်စေ ၊ ထိခိုက်နိုင်တာဖြစ်စေ အကြောက်တရား ဝင်အောင် လုပ်နေကြအတိုင်း လုပ်တယ်လို့ပဲပြောချင်ပါတယ်” ဟု IEC အတွင်း ရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စစ်ကော်မရှင်သည် ယမန်နေ့ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း ဒီးမော့ဆိုအနောက်ခြမ်းဒေသများသို့ ဆက်တိုက်လေ ကြောင်းတိုက်ခိုက်မှုများ လေး ကြိမ်အထိပြုလုပ်ခဲ့ရာ ဒေသခံများ ထိခိုက်မှု မရှိ သော်လည်း စစ်ဘေးရှောင်နေအိမ်အချို့နှင့် ကားအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“မနေ့ည ၈နာရီခွဲကနေ ဟိုး ၉ခွဲထိပေါ့နော်။ အတိအကျ သုံး နေရာတော့သိတယ်။ တစ်နေရာကတော့ သိပ်မရှင်းလို့ ကျွန်တော်တို့ကြားတာတော့လေးနေရာပေါ့နော်။ လောလောဆယ် သုံး နေရာကတော့ ဒီးမော့ဆိုအနောက်ခြမ်းမှာပေါ့နော်” ဟု အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဆက်လက်ပြောသည်။

ထိုသို့ စစ်ကော်မရှင်၏ ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သတ်ပြီး ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒု-စစ်ဦးစီးချုပ် မာဝီက”ခွေးမသားတွေ မင်းတို့ တစ်ကိုယ်ရေ ဦးစားပေး စိတ်ဓာတ်တွေနဲ့ လူအများ ဒုက္ခရောက်အောင် လုပ်တယ်။ အခုခွေး ဗုံးပတ်ကြဲနေပြီ” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ပြောဆိုခဲ့သည်။

ကရင်နီပြည်နယ်တွင် စစ်ကော်မရှင်က အရပ်သားပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်ခြင်းများ မကြာခဏပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့်နိုဝင်ဘာ တစ်လတာအတွင်း စစ်တပ်၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် အရပ်သား ၁၆ ဦးသေဆုံးခဲ့ ရကြောင်း Karenni Human Rights Group ကထုတ်ပြတ်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်