နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်
စစ်ရေးပြင်းထန်နေသည့် အမ်း – ပဒန်း တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် လေး ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး သုံး ဦးကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ စစ်ကော်မရှင် တပ်ဖွဲ့ဝင်များအား လုံခြုံစိတ်ချစွာ ထိန်းသိမ်းထားပြီး စစ်သုံ့ပန်း ၁၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA -မကွေး)ထံမှ သိရသည်။
အလင်းဝင်လာသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင် လေးဦးတွင် ဒုတပ်ကြပ်လည်း ပါဝင်နေပြီး ၎င်းတို့သည် ဂွမြို့နယ်အခြေစိုက် ခမရ -၅၆၃ လက်အောက်ခံ တပ်ရင်းမှဖြစ်သလို အမ်း – ပဒန်းလမ်းပိုင်း၊ ဇင်ပြွန်းကျေးရွာအနီး၌ တာဝန်ကျနေရာမှ PRA -မကွေးထံသို့ ချိတ်ဆက်၍ ပြည်သူ့ဘက် ကူးပြောင်း လာခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်သည် အဆိုပါ တပ်ဖွဲ့ဝင် လေး ဦးကို နည်းအမျိုးမျိုးဖြင့် အတင်းအဓမ္မ ပေါ်တာဆွဲ ခံခဲ့ရခြင်းဖြစ်၍ MA – 1 တစ်လက်၊ MA – 2 တစ်လက်၊ MA – 3 နှစ်လက်နှင့်အတူ အခြားခဲယမ်းအချို့အား ယူဆောင်ပြီး PRA-မကွေးထံ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
PRA -မကွေးထံ ထိုသို့ အလင်းဝင်ရောက်လာသူများရှိ အလင်းဝင်လာသလို စစ်ကော်မရှင် တပ်ဖွဲ့ဝင် သုံးဦးကိုလည်း ရှေ့တန်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း PRA -မကွေး၏ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
“ဖမ်းမိသူတွေကို စစ်သုံ့ပန်း ဥပဒေနဲ့ အရေးယူထားပြီး ကျွန်တော်တို့ရဲ့ အကျဉ်းထောင်မှာပဲ ထားရှိ ပါတယ်။ အလင်းဝင်ရောက်တဲ့ သူတွေကိုတော့ ကျွန်တော်တို့ လုံခြုံစိတ်ချရတဲ့ နေရာမှာ ထိန်းသိမ်း ထားပါတယ်။ ကျွန်တော်တို့ ဖမ်းဆီးရမိသူတွေကတော့ ၁၀၀ ကျော် ရှိပါပြီ” ဟု ၎င်းက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
PRA -မကွေးအနေဖြင့် နတ်ရေကန်တောင်နှင့် အမ်း – ပဒန်း လမ်းပိုင်းတိုက်ပွဲများမှ ထွက်ပြေးလာသော စစ်ကော်မရှင် တပ်ဖွဲ့ဝင် သုံး ဦးကို ငဖဲမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ခလရ-၂၉၅ တပ်ဖွဲ့ဝင် နှစ်ဦးနှင့် တပ်မ (၆၆) လက်အောက်ခံ သာယာဝတီအခြေစိုက် ခလရ-၃၅ တပ်ဖွဲ့ဝင် တစ် ဦးတို့ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံး ဦးသည်လည်း အတင်းအဓမ္မ ပေါ်တာဆွဲခံရသည့် ပြည်သူ့စစ်(ပစ)များဖြစ်ပြီး ၎င်းတို့အပါအဝင် လက်ရှိအချိန်အထိ ဖမ်းဆီးရမိထားသော စစ်သုံ့ပန်း ၁၀၀ ကျော်အား ဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထား၍ တချို့ကိုမူ မဟာမိတ်အဖွဲ့များထံ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
ယင်းအပြင် အလင်းဝင်လာသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များမှာလည်း မှတ်တမ်းအရ ၂၀ ကျော်ရှိ၍ ၎င်းတို့အားလုံးကို လုံခြုံစိတ်ချရသော နေရာများတွင် ပို့ဆောင်ထားပြီး ဖမ်းဆီးရမိသူ၊ အလင်းဝင်သူ အများစုမှာ ဧရာဝတီ၊ ရန်ကုန်၊ မကွေးနှင့် မန္တလေးတိုင်းတို့မှဖြစ်ကာ ပေါ်တာဆွဲခံရခြင်းဖြစ်ကြောင်း သိရသည်။
“အများစုကတော့ သူတို့ မထင်မှတ်ထားချိန်၊ ပုံမှန်ဈေးသွားတဲ့ အချိန်တွေမှာ ပေါ်တာဆွဲခံရတာ ဖြစ်တယ်။ တချို့ကျလည်း အိမ်ထဲအထိ ဝင်ရောက်ပြီး ပေါ်တာဆွဲခံရတာ ဖြစ်တယ်။ ရန်ကုန်မှာ ပေါ်တာဆွဲခံရသူ အများစုက ရခိုင်ကနေ ပြောင်းရွှေ့လာတဲ့ သူတွေဖြစ်တယ်” ဟု PRA -မကွေး၏ ပြောခွင့်ရက ပြောသည်။
ထို့အပြင် ၎င်းတို့အနေဖြင့် ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသော နိုင်ငံရေး အခင်းအကျင်းနှင့် စစ်ရေး ပူးပေါင်းမှုများတွင် စဉ်ဆက်မပြတ်ပါဝင်၍ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တပ်ပေါင်းစု တည်ဆောက်ရေးအပါအဝင် နွေဦးတော်လှန်ရေး ပြီးဆုံး သည်ထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ဖော်ပြထားသည်။
ဓာတ်ပုံ-PRA -မကွေး