ဧရာဝတီတိုင်းမ်
သြဂုတ် ၅ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ အကြီးဆုံး အထိုင်စခန်းဖြစ်သည့် ခလရ ၂၆၉ တပ်ရင်း စခန်းကုန်းကို ယနေ့ သြဂုတ်လ ၅ ရက်နေ့တွင် သိမ်းပိုက်ရရှိထားပြီး မြို့၏ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်(ထန်တလန်)ပြန်ကြားရေးတာဝန်ရှိသူထံက သိရှိရသည်။

ထန်တလန်မြို့ တိုက်ပွဲကို Tilim စစ်ဆင်ရေးအဖြစ် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့မှစတင်၍ တိုက်ပွဲဖြစ်ကာ ယနေ့ သြဂုတ်လ ၅ ရက်နေ့ မနက် ၉ နာရီတွင် စစ်ကောင်စီ၏ အကြီးဆုံး အထိုင်စခန်းဖြစ်သည့် ခလရ ၂၆၉ တပ်ရင်း စခန်းကုန်းကို အပြီးသတ် သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။

“၂၆၉ အထိုင်စခန်း ရရှိပြီးတော့ မြို့ထဲက စခန်းမဟုတ်တဲ့ NLD ရုံး၊ ဘဏ်၊ ကိုဗစ်စင်တာတွေမှာ တပ်စွဲတဲ့ ၃ နေရာ၊ ၄ နေရာ ကျန်တော့တယ်။ မြို့ကိုတော့ ၉၀ ရာခိုင်နှုန်းလောက်က ထိန်းချုပ်နိုင်ခဲ့ပြီ။ အခု ဆက်ရှိနေသေးတဲ့ စကစနေရာတွေကို ထိုးစစ်ဆင်နေပါတယ်။”ဟု ချင်းကာကွယ်ရေးတပ်(ထန်တလန်) ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ခလရ ၂၆၉ တပ်ရင်း စခန်းကုန်းကို စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ နီးပါးဖြင့် အခိုင်မာအထိုင်ချပြီး ထန်တလန်မြို့အတွက် စစ်ရေးအရအရေးပါသည့် စခန်းကုန်းဖြစ်သည်။

စစ်ကောင်စီက ၎င်းစခန်း မကျစေရေးအတွက် ဟားခါးအခြေစိုက် ရုန်းတောင် တပ်စခန်းမှ လက်နက်ကြီးများအဆက်မပြတ် ပစ်ကူပေးသည့်အပြင် လေကြောင်းမှလည်း ပစ်ကူပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်မှ ၂၈ ရက်နေ့အထိ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားက စစ်ကောင်စီ၏ ဆက်သွယ်ရေးစခန်း လေးခုကိုလည်း သိမ်းပိုက်ရပြီး ဆက်သွယ်ရေး လမ်းကြောင်းကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။

ထန်တလန် Tilim စစ်ဆင်ရေး တိုက်ပွဲများတွင် ကျေးရွာ ခြောက်ရွာမှ မိသားစု ၄၈၀ ခန့် ၊ပြည်သူ အယောက် ၂,၀၀၀ ကျော်သည် တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#ထန်တလန်မြို့ #စစ်ကောင်စီ #အထိုင်စခန်းကုန်း #ခလရ၂၆၉ #သိမ်းပိုက်ရရှိ #Ayeyarwaddy_Times