ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်

ရှမ်းမြောက်၊ လားရှိုးရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်ရရှိပြီး စစ်တိုင်းရှိထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးရမိသည့်ပုံများထွက်ပေါ်လာပြီးနောက် ရမခ ကျဆုံး ကြောင်းကို ယနေ့ဩဂုတ် ၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ဝန်ခံခဲ့သည်။

ကိုးကန့်တပ်မတော် (MNDAA) သည် စစ်ကောင်စီ၏ အရှေ့ မြောက်တိုင်းစစ် ဌာနချုပ်(ရမခ)ကို အလုံးစုံထိန်း ချုပ်ပြီးနောက် ရမခအတွင်း ခံတိုက်နေသည့် တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ မကြာသေးမီကမှ ရာထူးတိုးခံထားရသည့် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာန (စကခ-၁)မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေး နှင့် ရမခတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်တို့ ဖမ်းဆီးရမိထားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

၎င်းတို့ သုံးဦးကို ရမခတိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်နိုင်ပြီဟု MNDAA မှထုတ်ပြန်ခဲ့သည့် ဩဂုတ် ၃ ရက်နေ့ကတည်းက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရ သည်။

“ရမခဌာနချုပ်ကြီး မပါသွားခင် ရှေ့တန်းကာကင်းစခန်းတွေ သိမ်းခံနေရချိန်မှာ တပ်ကအရာရှိအချို့က စစ် ကူလာဖို့ လေကြောင်းကနေကယ်ဖို့ တောင်းတာ ဘာမှအကြောင်းမပြန်သလို လာလည်းမကယ်ဘူး။ လေကြောင်းကနေ ဗုံးပဲကြဲနေခဲ့တာ။ သေရင်အကုန် သေပေါ့ဆိုတာမျိုး။ ခုသူတို့ပြောနေတဲ့ တပ်ဆေးရုံမှာ သေတဲ့သူတွေကလည်း ခံပစ်လို့သေကြတာ။ ရမခထဲမှာ ကျန်ခဲ့တာ အရာရှိအချို့နဲ့ လေး ဦးလောက်ပဲကျန်တဲ့ အချိန်မှာ MNDAA က လက်နက်ချပြီး ထွက်သွားဖို့ လမ်းပေးတယ်။ သူပုန်တွေကတောင် ဂယ်ပေါက်ပေးသေးတယ်” ဟု ရမခဌာနချုပ်ထဲမှ အရာရှိအမျိုးသမီးတစ်ဦး၏ မိသားစုဝင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရမခတွင် စစ်ကောင်စီတပ်အရာရှိများကို MNDAA က ဖမ်းဆီးရမိထားသည့်ပုံများ လူမှုကွန်ရက် တွင်ပျံ့နှံ့လာပြီးနောက် စစ်ကောင်စီတပ်မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်း က ရမခ သိမ်းပိုက်ခံရပြီး အရာရှိကြီးအချို့အပါအဝင် အများအပြား ဖမ်းဆီးခံထားရကာ သေဆုံးသူများပြား ကြောင်း ဝန်ခံပြောဆိုလာခြင်းဖြစ်သည်။

“အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များအနေနဲ့ ရန်သူကို အစွမ်းကုန် ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်း တပ်ဖွဲ့ ဌာနချုပ်တွေမှာ မိသားစုဝင် အမျိုးသမီးများ၊ ကလေးငယ်များ ၊ အရပ်သားများပါ ရှိနေတာဖြစ်လို့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ် သက်ပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့ရတာရှိပါတယ်။ တချို့သော ရဲမေတွေဟာ စစ်သည်များနဲ့ တန်းတူ မဆုတ်တမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ရဲမေများ မှီခိုသူ မိသားစုဝင်များလည်း သေဆုံးခဲ့ရပါတယ်။ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်မှအရာရှိကြီးများဟာ တိုက်ပွဲကို အနီးကပ် ကွပ်ကဲပြီး ကိုယ်တိုင် တိုက် ပွဲဝင်ခဲ့ကြပါတယ်။ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် ဩဂုတ် လ ၃ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲအချိန်အထိ ဆက်သွယ်မှု ရရှိခဲ့ပြီး ယခုအချိန်အထိ ဆက်သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲ သတင်းများအရ အရာရှိကြီးတချို့ကို ဖမ်းဆီးထားကြောင်း သိရှိရပါတယ်”ဟု ဗိုလ်ချုပ်ဇော် မင်းထွန်းက ဆိုသည်။

MNDAA သည် ဗိုလ်ချုပ်စိုးတင့် ကြည်း ၂၁၅၉၅ (တေဇ-၁၆)၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေး (စစ်မြေပြင်ရာထူးတိုး) ကြည်း ၃၁၀၄၉ (တေဇ-၂၆)၊ ဗိုလ်မှူးချုပ် သန့်ထင်စိုး (စစ်မြေပြင်ရာထူးတိုး) ကြည်း ၃၁၄၅၃ (စတသ-၄၁)တို့ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးခြင်းခံထားရသည့်ပုံများကို ထုတ်ပြန်ခဲ့သည်။

MNDAA နှင့်ပူးပေါင်းအဖွဲ့ထံသို့ စစ်ကောင်စီဘက်မှ အရာရှိနှင့် အောက်ခြေစစ်သည်အပါအဝင် မိသားစုဝင် ၅၀၀၀ နီးပါး လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။

ထိုသို့ တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံး သိမ်းပိုက်ခံရပြီး လက်လွှတ်လိုက်ရသည့်ဖြစ်စဉ်ကို စစ်တပ် ထောက်ခံသူများမှ လက်မခံနိုင်သေးဘဲ လားရှိုးကိုစစ် ကူများရောက်ရှိနေပြီး လေကြောင်းမှလည်း ဗုံးကြဲ၍ ပြန်လည် ရယူနေပြီဟု ဩဂုတ် ၄ ရက်နေ့ ညပိုင်းအထိရေးသားဖော်ပြခဲ့ကြသည်။

လားရှိုးမြို့ခံစစ်ကို ရမခတိုင်းစစ်ဦးစီး အရာရှိချုပ် သန့်ထင်စိုးမှ ဦးစီးကွပ်ကဲပြီး မြို့တော်ခန်းမတွင် ခံစစ်ပြုလုပ်၍ ရမခဒုတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်တင်ထွန်းအောင်မှ မြေပြင်ကွပ်ကဲမှုများပြုလုပ်ကာ ခုခံတိုက်ရာမှ သေဆုံးခဲ့သည်။

ရမခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်သေဆုံးချိန်တွင် အသစ်ခန့်အပ်ခြင်းခံထားရသည်မှာ ရက်ပိုင်းသာရှိသေးသည့် ရမခတိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်သည် မူဆယ်ဘက်သို့ ထွက်ပြေးခဲ့ပြီး စစ်ရေးစီမံမှုပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် အဆက်အသွယ်မရတော့ဘဲ တပ်ပြေးအဖြစ် သတ်မှတ် ခံထားရကြောင်း သိရသည်။

ထိုသို့ စစ်တိုင်းတစ်ခုလုံး လက်လွှတ်ရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ရှမ်းပြည် နယ် အပါအဝင် စစ်တိုင်းလေးခုကိုကိုင်တွယ်ရသည့် အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ-၂)မှူးဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို အရေးယူထားပြီး ဆက်သွယ်ရေးညွှန်ကြားရေးမှူး(ကကဆက်) ဗိုလ်ချုပ်ရဲမြင့်နိုင်ကိုလည်း ဆက်သွယ် ရေးပြတ်တောက်မှုဖြင့် အရေးယူရန် ဖမ်းဆီးထားကြောင်း သိရသည်။

ပုံစာ- MNDAကြ ဖမ်းဆီးထားသည့် တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ စကခ-၁ မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေး နှင့် ရမခတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်

#ရှမ်းမြောက် #လားရှိုး #ရမခ #ကျဆုံး #စစ်ကောင်စီဝန်ခံ #အရာရှိများ #MNDAA #ဖမ်းဆီးရမိ #Ayeyarwaddy_Times