ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၁ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့တွင်နေထိုင်သည့် ကယန်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ ဦးဖရန်းစစ္စက်ိုမှာ ယနေ့မနက်ပိုင်းက လုပ်ကြံသတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ဦးဖရန်းစစ္စက်ိုမှာ ယနေ့မနက်ပိုင်းက ၎င်းပိုင်ဆိုင်သည့် စိုက်ခင်းမှအပြန်တွင် ဆိုင်ကယ်တစ်စီးတှင့် အမည်မသိလူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

” အမျိုးသားရေး၊ လူမှုရေး၊ ဘာသာရေးခေါင်းဆောင် ဆရာဖရန်စစ္စကို လုပ်ကြံခံရတာဟာ။ ကျွန်တော်တို့ ကယန်းတိုင်းရင်းသားအရေးကိုထိခိုက်အောင်တမင်ဖန်တီးတာလား။ ဒါမှမဟုတ် ပြိုင်ဘက်ပါတီခေါင်းဆောင်ဖြစ်လို့လုပ်ကြံတာလား။ ဘာပဲဖြစ်ဖြစ်လုပ်ကျန်ခံရတဲ့ဆရာဖရန်စစ္စကိုဟာ ဒီတော်လှန်ရေးမှာသူလိပ်ပြာသန့်လို့ပြောင်းခင်းထဲသွားတာပါပဲ။ လုပ်ကြံသွားတဲ့လူတစ်စုကသူတို့မလုပ်ခင်ဘာဆိုးကျိုးဖြစ်လာနိုင်လဲဆိုတာသိလျက်နဲ့တမင်သက်သက်လုပ်သွားတယ်ဆိုရင် မင်းတို့ထိုက်နဲ့မင်းတို့ကံပဲ” ဟု ဖယ်ခုံမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူ ဦးဖရန်းစစ္စကိုမှာ ကြံ့ခိုင်ရေးပါတီမှ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရလွတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်း ကြံ့ခိုင်ရေးပါတီမှ အနားယူထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။

” သူက ၂၀၁၅ ကတည်းက ကြံခိုင်ရေးပါတီက အနားယူထားတာ။ ဖယ်ခုံမှာမြို့ကိုလည်း လမ်း ရပ်ကွက် ကျေးရွာ တိုးတက်အောင်လုပ်ပေးခဲ့တယ်။ ပြည်သူအခုလက်ရှိအချိန်အထိ ထောက်ခံမူရရှိနေတုန်း။ အမြင်မတူလို့ ရန်သူလိုသဘောမထားဘူး။ စာပေယဥ်ကျေးမူကိုထိတာလူမျိုးတမျိုးလုံးကိုစိန်ခေါ်တာ” ဟု ဖယ်ခုံမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဦးဖရန်းစစ္စကိုအား လုပ်ကြံသတ်ဖြတ်ခံရသည့်အပေါ် မှန်ကန်သော ပြသာနာဖြေရှင်းနည်း မဟုတ်သည့်အပြင်ကယန်းစာပေနှင့်ယဉ်ကျေးမှုနှင့် ကယန်းလူမျိုးအတွက် များစွာ ထိခိုက်နစ်နာဆုံးရှုံးရပါသဖြင့် ထိုဖြစ်ရပ်အပေါ် ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီမှ လုံးဝ(လုံးဝ) လက်မခံနိုင်ပါကြောင်းနှင့် ထိုသို့ပြုလုပ်ဖန်တီးမှုကို ပြင်းထန်စွာရှုတ်ချပါကြောင်း ကယန်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီက သဘောထားထုတ်ပြန်ထားသည်။