
ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ လားရှိုးအကျဉ်းထောင်ကို ကိုးကန့်တပ်မတော် (MNDAA) နှင့်ပူးပေါင်းအဖွဲ့က ထိန်းသိမ်းခဲ့ပြီးနောက် တအောင်းအမျိုးသား အကျဉ်းသား ၁၁၈ ဦးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ထံ လွှဲပြောင်းပေးခဲ့ပြီ ဖြစ်ကြောင်း TNLA က ယမန်နေ့ ဩဂုတ် ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
MNDAA မှ လွှဲပြောင်းပေးခဲ့အပ်သည့် တအောင်းအကျဉ်းသား ၁၁၈ ဦးတွင် မတရား အသင်းနှင့် ဆက်သွယ်သည့်ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲခံရသူအကျဉ်းသားငါး ဦး၊ မသင်္ကာမှုဖြင့် ၁၅ ဦး၊ လောင်းကစားမှုဖြင့် တစ်ဦး၊ မာရှယ်လော(Martial Law) ဥပဒေဖြင့် သုံး ဦး၊ ရဲပြေးမှု နှင့် လဝက အမှု လေး ဦး၊ ဓါးပြတိုက်မှု နှစ် ဦး၊ ရဲစီးမှု တစ် ဦး၊ လူကုန်ကူးမှု နှစ် ဦး၊ မူးယစ်မှု ၈၆ ဦးတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အကျဉ်းသားများကို TNLA အုပ်ချုပ်ရေးဌာနမှ လက်ခံကာ သက်ဆိုင်ရာ အမှုအသီးသီးကို ပြန်လည်စိစစ်၍ ပြန်လည်လွှတ်ပေးခြင်း၊ ပြစ်မှုအလိုက် ပြန်လည် အရေးယူခြင်းများကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
လားရှိုးမြို့ကို ကိုးကန့်တပ်မတော် MNDAA ဦးဆောင်၍ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ပြီး လားရှိုး အကျဉ်းထောင်ကို ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့ ထိန်းသိမ်းလိုက်နိုင်ခြင်းဖြစ်သည်။
ထို့ပြင် လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ကယ်ထုတ်စောင့်ရှောက် ထားခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ပေးရန် နိုင်ငံရေးအကျဉ်းသားမိသားစုနှင့် ကူညီစောင့်ရှောက်သည့် အဖွဲ့အစည်းများက မျှော်လင့်လျက်ရှိကြောင်း သိရသည်။
“မြေပြင်ကသတင်းအရင်းအမြစ်တွေကို စုံစမ်းရတာအင်မတန်ခက်ခဲနေတဲ့ အခြေအနေ တစ်ခုဖြစ်တယ်။ ကျွန်တော် တို့အနေနဲ့ပြောလိုတာက မဟာမိတ်အဖွဲ့အစည်းတွေအနေနဲ့ အကျဉ်းထောင်နဲ့ပတ်သတ်ပြီး ဘယ်လိုအခြေနေတွေရှိနေတယ်။ အန္တရာယ်ကင်း၏ မကင်း၏ ၊ အားလုံးအဆင်ပြေ၊မပြေ ဆိုတာမျိုးကို ထုတ်ပြန်ပေးဖို့ ကျွန်တော်တို့ အဖွဲ့အစည်းတွေအနေနဲ့တောင်းဆိုချင်ပါတယ်။ ထုတ်ပြန်တဲ့အခါမှာလည်း အန္တရာယ် ကင်းဘေးရှင်းတယ်ဆိုတာ သူတို့ဘက်ကအတည်ပြုပေးနိုင်မှ အမှန်ကန်ဆုံးသတင်း ဖြစ်နိုင်တယ်” ဟု PPNM တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို MNDAA အပါအဝင် သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းသိမ်းစောင့်ရှောက် ထားပါကလည်း မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်နေသည့်အတွက် နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်ပြီး ဆောင်ရွက်မှု အခြေအနေများကို ထုတ်ပြန် ပေးကြရန် ထောင်ဝင်စာပို့ကြမယ် အဖွဲ့အစည်းက တောင်းဆိုထားသည်။
ဓာတ်ပုံ – TNLA
#တအောင်းအမျိုးသား #အကျဉ်းသား #လွှဲပြောင်း #လားရှိုးအကျဉ်းထောင် #TNLA #MNDAA #Ayeyarwaddy_Times