ဧရာဝတီတိုင်းမ်
သြဂုတ် ၄ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာခရိုင်၊ အင်္ဂမြို့နယ်မှ ရန်ကုန်မြို့၊ တောင်ဥက္ကလာဖိနပ်ဆိုင်သို့ အလုပ်လုပ်ကိုင်ရန် သွားရောက်သည့် လူငယ်တစ်ဦးသည် ရန်ကုန်သို့ရောက်ရှိပြီး ကားပေါ်ကအဆင်းတွင် ဘေးတွဲမောင်းသူ နှစ်ဦးက လိမ်လည်ခေါ်ယူ၍ ပြည်သူ့စစ်မှုထမ်းသင်တန်းသို့ ပို့လိုက်ကြောင်း ဒေသခံများထံက သိရသည်။

စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်ခံရသည့် လူငယ်မှာ ကွင်းလှအုပ်စု၊ ရှမ်းစုကျေးရွာက မောင်ဟန်ညွန့် အသက် ၂၀ နှစ် ဖြစ်ပြီး ဘေးတွဲမောင်းသူနှစ်ဦးက တောင်ဥက္ကလာသို့ ရောက်သည်ဟု လိမ်လည်၍ ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

“တောင်ဥက္ကလာဖိနပ်ဆိုင်ကို အလုပ်လုပ်သွားရင်း စိန်မင်းသားကားနဲ့ ရန်ကုန်သွားတာ။ ကားပေါ်က အဆင်း ဘေးတွဲမောင်းတဲ့ လူနှစ်ဦးက အတင်းဆွဲပြီး လိမ်ခေါ်သွားတာ။ ဒါတောင် ကလေးက ပြန်ဆက်သွယ်မှ ဖြစ်စဥ်သိရတာ။ ပြန်ခေါ်ဖို့ ကြိုးစားနေပေမယ့် ခုထိခေါ်လို့မရဘူးဖြစ်နေတယ်လို့ သိရတယ်”ဟု အင်္ဂပူမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဘေးတွဲမောင်းသူ နှစ်ဦးသည် မောင်ဟန်ညွန့်ကို လိမ်လည်ခေါ်ယူခဲ့ပြီးနောက် ရန်ကုန်မှတစ်ဆင့် လက်ပံတန်းသို့ပို့ဆောင်ခဲ့ကာ လက်ပံတန်းတွင် ၂ ရက်ထားရှိခံရပြီးနောက် သာယာဝတီလေကြောင်းရန် ကာကွယ်ရေးတပ်သို့ ထပ်မံ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ဘေးတွဲမောင်းသူ အားလုံးကို မဆိုလိုပါဘူး၊ ရန်ကုန်မှာ တချို့ဘေးတွဲမောင်းသူတွေက စစ်တပ်နဲ့ပေါ င်းပြီး ငွေရတော့ လုပ်စားနေကြတာ။ လိမ်ခေါ်ပြီး တပ်ထဲရောင်းစားတဲ့သဘော။ ဒါမျိုးလုပ်နေကြတာကြာပြီ။ သတင်းတွေမထွက်လို့သာ။ ခရီးသွားကြတဲ့လူငယ်တွေ အယုံမလွယ်ဖို့ သတိပေးချင်ပါတယ်”ဟု ရန်ကုန်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက လိမ်လည်ခေါ်ဆောင်ခြင်းခံခဲ့ရသည့် အဆိုပါလူငယ်၏ ဖုန်းကို သိမ်းဆည်း ထားပြီး စစ်သင်တန်းသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

မောင်ဟန်ညွန့်၏ မိသားစုများက ပြန်လည်ခေါ်ယူရန်ကြိုးပမ်းနေသော်လည်း သာယာဝတီလေကြောင်း ရန်ကာကွယ်ရေးတပ်က တွေ့ခွင့်မပေးဘဲ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ရန် စီစဥ်နေကြောင်း မိသားစုနှင့်နီးစပ်သူထံက သိရသည်။

“သာယာဝတီလေကြောင်းရန်မှာ ဗိုလ်မှူးကြည်မျိုးလွင်က တပ်သားအသစ်စုဆောင်းတာပေါ့။ အိမ်တွေမှာ ဝင်ဆွဲတဲ့အခါ ဝင်ဖမ်းတဲ့အခါ ဗိုလ်မှူးကြည်မျိုးလွင်ကပဲ ဦးဆောင်တာ။ အဲ့တာကြောင့် သာယာဝတီလေကြောင်းရန်က ဆိုပြီး သတင်းထွက်တာ။ ဖမ်းပြီးရင် လေကြောင်းရန်တပ်ကိုပို့တာမျိုး။ အဲ့ဒီကနေ တစ်ဆင့်စုရပ် လုပ်ကြတာမျိုး ရှိတယ်” ဟု သာယာဝတီဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ဗိုလ်မှူးကြည်မျိုးလွင်သည် သာယာဝတီအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ် -၁၀၁၀ တပ်ရင်းတွင် အဓိ ကတာဝန်ရှိသူ တစ်ဦးဖြစ်ပြီး ဒေသခံများကိုမတရားဖမ်းဆီးခြင်း နှင့် ပြည်သူ့စစ် ဖွဲ့စည်းခြင်းများကို ဦးဆောင် ပြုလုပ်ခဲ့သူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ရှေ့တန်းတွင် စစ်သည်အင်အားလိုနေသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ် အတွင်းက တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းရှိ အမှတ်စဉ်(၂) ပြည်သူ့စစ်မှုထမ်းသင်တန်း သားများကို စစ်သင်တန်းစောဆင်းစေ၍ ရှေ့တန်းသို့ ပို့ဆောင်ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ် ထံကသိရသည်။

ထို့ပြင် သင်တန်းကျောင်းအားလုံးနီးပါရှိ အမှတ်စဉ် (၁)သင်တန်း ဆင်းခဲ့ကြသည့် သင်တန်းဆင်းများကို ဇူလိုင်လ ပထမပတ်တွင် ရှေ့တန်းသို့ ပို့ဆောင်ခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူ့စစ်မှုထမ်းများ ထိခိုက် သေဆုံးသူများရှိသည့်အပြင် ထွက်ပြေးကြသူများလည်းရှိနေကြောင်း သိရသည်။

ပုံစာ- နည်းမျိုးစုံဖြင့် စုဆောင်းခံထားရသည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၄ သင်တန်းသားများ။

#အင်္ဂပူ #ရန်ကုန် #အလုပ်လုပ်ရန် #လူငယ် #ရန်ကုန်အဝေးပြေးကားဂိတ် #ဘေတွဲမောင်းသူ၂ဦး #လိမ်ခေါ် #စစ်သင်တန်းပို့ #Ayeyarwaddy_Times