နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် တကြော့ပြန် တိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့် ပြည်သူများအနက်မှ သက်ကြီးပိုင်း အမျိုးသမီးများ အအေးပတ်၍ သေဆုံးမှုများသည် ခပ်စိပ်စိပ် ဖြစ်လာနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ထံက သိရသည်။
ပင်လောင်းမြို့နယ်တွင် ယခုနှစ် မိုးရာသီ၌ မုတ်သုံလေ အားကောင်း၍ အဆက်မပြတ် မိုးရွာမှုကြောင့် မိုးရေချိန် စံချိန်တင် မြင့်တက်ခဲ့ပြီး ရေလွှမ်းမိုးမှု ဖြစ်ပေါ်လျက်ရှိကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ပင်လောင်းမြို့တောင်ဘက် တကျော့ပြန်တိုက်ပွဲမှာ စစ်ရှောင်ကြရတဲ့ ဒေသခံ ပြည်သူတွေ သေဆုံးကြရတာကို လတ်တလော ခပ်စိပ်စိပ် တွေ့ရတယ်။ အခြားမြို့ထက် ပိုအေးတယ်၊ စိမ့်ပြီးအေးတယ်” ဟု PYO ပြောခွင့်ရ မလီလီက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုးအဆက်မပြတ် ရွာသွန်းသဖြင့် စစ်ဘေးရှောင်များသည် ရာသီဥတု အေးခြင်းနှင့် အမိုးအကာ မလုံလောက်ခြင်းတို့ကို ကြုံတွေ့နေရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေသလို အအေးပတ်၍ သေဆုံးမှုသည်လည်း လေးဦးထိ ရှိခဲ့ကြောင်း သိရသည်။
ယခင်က စစ်ရှောင်ရင်း ပြည်သူများ ပုံစံမတူ သေဆုံးမှုရှိခဲ့သော်လည်း ယခုအအေးပက်၍ သေဆုံးမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုသူများမှာ အသက် (၆၂)နှစ်နှင့် (၅၇)နှစ်အရွယ် နမ့်နိန်းဒေသခံ နှစ် ဦး၊ အသက် (၇၁)နှစ်အရွယ် နောင်ဝိုးဒေသခံ တစ် ဦး၊ အသက် (၅၆)နှစ်အရွယ် လဲင်ဗွာလဒေသခံ တစ် ဦးတို့ဖြစ်ကာ သေဆုံးသူများအားလုံးသည် အမျိုး သမီးများဖြစ်ကြောင်း သိရသည်။
အဆိုပါ စာရင်းများသည် ပြီးခဲ့သော ဇူလိုင် ၂၅ ရက်မှ ဇူလိုင် ၂၇ ရက်အထိ သုံးရက်အတွင်း သေဆုံးမှုဖြစ်ပြီး အားလုံးသည် ပင်လောင်းမြို့တောင်ဘက် တကျော့ပြန် တိုက်ပွဲကြောင့် စစ်ရှောင်နေရသည့် ဒေသခံ ပြည်သူများဖြစ်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) ၏ ကောက်ယူထားသော စာရင်းများအရ သိရသည်။
“မိုးက ရွာလိုက်၊ ရပ်လိုက်နဲ့ တစ်နေလုံးရွာ ရေကြီးလို့ ရေမြင့်တက်လာလို့ စစ်ကောင်စီ တောင် မိုးဗြဲဆည်ဖောက်ရအဆင့်ထိ ရောက်တယ်။ အခုစစ်ရှောင်တဲ့ နေရာက ချောင်းတွေ၊ ဆည်တွေနဲ့တော့ နည်းနည်းလှမ်းတယ်” ဟု PYO ပြောခွင့်ရ မလီလီက ဆိုသည်။
လက်ရှိတွင် နေပြည်တော်ကို အဓိကဆက်သွယ်ထားသော ပင်လောင်း-လိန်းလီး-ကင်းသာ လမ်းမကြီးသည် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧဒင်နှင့် ကိုးကွေ့ကျေးရွာကြားရှိ မိုင်တိုင် (၂၀) တွင် မြေပြိုကျ၍ လမ်းပိတ်ဆို့နေကြောင်း သိရသည်။
ထိုသို့ လမ်းမြေပြိုမှုကြောင့် ယင်းလမ်းကို အသုံးပြုနေသည့် ဒေသခံနှင့် ခရီးသွား ပြည်သူများ ဖြတ်သန်းသွားလာရန် အခက်အခဲဖြစ်နေကြောင်းကို ဒေသတွင်း သတင်းများ ဖော်ပြနေသော Voice of Pin Laung က ယမန်နေ့ဩဂုတ် ၃ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။
ပင်လောင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာအထိ ကောက်ယူထားသည့် မြို့နယ် ဆိုင်ရာ သတင်းအချက်အလက်များအရ ရပ်ကွက် (၁၉) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၅) အုပ်စုနှင့် ကျေးရွာပေါင်း (၄၃၄)ရွာရှိကြောင်း သိရှိရပြီး ချောင်းနည်းပါးသည့် ဒေသတစ်ခုဖြစ်ကာ မြောက်မှတောင်သို့ စီးဆင်းသော ဘီလူးချောင်းလည်းရှိကြောင်း သိရသည်။
ဓာတ်ပုံ-Voice of Pin Laung
#ပင်လောင်း #စစ်ရှောင်သက်ကြီးပိုင်း #အမျိုးသမီးများ #အအေးပတ် #သေဆုံး #Ayeyarwadaddy_Times