
ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်
စစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို တာဝန်မှအနားပေးကာ မူလ စစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ရန် ယမန်နေ့ ဩဂုတ် ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ဒုဗိုလ်ချုပ်ကြီးနီလင်းအောင်ကို ရဲချုပ်ရာထူးမှ မည်သည့်အတွက်ကြောင့်အနားပေးပြီး စစ်ဘက်ကိုပြန် လည်ခေါ်ယူခြင်းဖြစ်သည်ကိုမူ စစ်ကောင်စီက ဖော်ပြထားခြင်းမရှိပေ။
ယခင် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်သူဗိုလ်ချုပ်နီလင်းအောင်ကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က ဒုဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးပေးကာ ပြည်ထဲရေးဒုဝန်ကြီးနှင့်ရဲချုပ်တာဝန်ကို ပူးတွဲခန့်အပ်ခဲ့ခြင်းဖြစ်သည်။
၎င်းကို စစ်ဘက်သို့ပြန်ခေါ်ကာ ရှမ်းပြည်နယ်ရှိ စစ်တိုင်းလေးတိုင်းကို ကိုင်တွယ်ရသည့် အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထ-၂မှူး) တာဝန်ကို ရာထူးတိုးမြှင့်၍ ခန့်အပ် လိုက်ခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။
အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (တောင်ကြီး)၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် (ကျိုင်းတုံ)၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (လားရှိုး) နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ခိုလမ်)တို့ကို ကိုင်တွယ်ရသည်။
အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ -၂ မှူး) ဖြစ်သူ ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးသည် ရှမ်းပြည်နယ် စစ်ဆင်ရေးများတွင် နယ်မြေများလက်လွှတ်ဆုံးရှုံးကာ စစ်တိုင်းတစ်ခု လုံးပါ ပျောက်ကွယ်ခဲ့ရသည့် အခြေအနေဖြစ်ခဲ့သည့်အတွက် ရာထူးမှဖယ်ရှားကာ ဒုဗိုလ်ချုပ် ကြီးနီလင်းအောင်ကို ရာထူးတိုးခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ စစ်ရှုံးပါက ရှမ်း ပြည်နယ် ဝန်ကြီးချုပ်၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး)နှင့် တိုင်းမှူးများကို အနားပေးပြီး အောက်ခြေစစ်ကောင်စီတပ်ဖွဲ့များကိုလည်း မဆုတ်တမ်းခံစစ်ဖြင့်ခုခံကြရန် စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်သည် စစ်တက္ကသိုလ် အပတ်စဉ် (၃၇) ဆင်းဖြစ်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်များကို ယူခဲ့သူဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီးနီလင်းအောင်သည် အရှေ့အလယ်ပိုင်တိုင်း တိုင်းမှူးတာဝန်ယူထားစဉ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ လအတွင်းက ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီးတွင် အရပ်သား ၄၀ ဝန်းကျင်ကို အစုလိုက် အပြုံ လိုက်သတ်ဖြတ်မှု၌ တာဝန်ရှိသူအဖြစ် ဥရောပသမဂ္ဂ EU က ၂၀၂၂ ခုနှစ်က ဒဏ်ခတ်အရေးယူပိတ်ဆို့မှု ခံထားရသူဖြစ်သည်။
စစ်ကောင်စီသည် လစ်လပ်သွားသည့် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် နီလင်းအောင် နေရာတွင် ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ်ဝင်းဇော်မိုးကို ခန့်အပ်ခဲ့သည်။
ပုံစာ- ရဲချုပ်နီလင်းအောင်ကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ယူစဉ်က စစ်ခေါင်းဆောင်နှင့်အတူ တွေ့ရစဉ်
#ရဲချုပ် #ဒုဗိုလ်ချုပ်ကြီးနီလင်းအောင် #ကစထ၂မှူး #ရာထူးတိုး #ခန့်အပ် #Ayeyarwaddy_Times