ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သည့် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များသည် ရှမ်းမြောက်၊ လားရှိုးမြို့တွင် အခိုင်အမာတည်ဆောက် ထားသည့် စစ်ခေါင်းဆောင်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက် လိုက်သည့်အတွက် ဝမ်းသာဂုဏ်ယူသည်ကို သိစေရန် ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန် ခြင်းဖြစ်သည်။

MNDAA ဦးဆောင်သည့် ပူးပေါင်တပ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့မှစတင်ကာ လားရှိုးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယမန်နေ့ဩဂုတ် ၃ ရက်နေ့ တစ်လအကြာတွင် စစ်ကောင်စီ၏ တပ်စခန်းများအပါအဝင် တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံးကိုပါ ထိန်းချုပ်နိုင်ခဲ့ ခြင်းဖြစ်သည်။

တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က စစ်ကောင်စီ၏ ရမခ ကို သိမ်းပိုက်နိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ယနေ့ဩဂုတ် ၄ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုအောင်ပွဲသည် စစ်ကောင်စီပြိုလဲရေးအတွက် မှတ်တိုင်တစ်ခုအဖြစ် အရေးပါသလို စစ်အာဏာရှင်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို ဖယ်ရှား၍ ဖက်ဒရယ် ပြည်ထောင်စုထူထောင်ရေးအတွက် နိုင်ငံရေးနှင့် စစ်ရေးဟန်ချက်ညီသည့် လုပ်ငန်းစဉ်ဖြင့် စနစ်သစ်ပြုပြင်ပြောင်းလဲရေးအတွက် အတူတကွတိုက်ပွဲဝင်မည်ဟု အဆိုပါသုံးဖွဲ့က ဆိုသည်။

ထို့အပြင် “၁၀၂၇ စစ်ဆင်ရေး-ဒုတိယပိုင်း” အောင်ပွဲများ ဆက်လက်ရရှိရေးအတွက် ဆန္ဒပြုသလို ၎င်းတို့ ညီ နောင် တော်လှန်ရေးအဖွဲ့များကလည်း ဟန်ချင်ညီစွာဖြင့် အာဏာသိမ်းစစ်တပ်ပြိုလဲသည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု သန္နိဋ္ဌာန်ပြုကြောင်း ၎င်းတို့သဘောထားကို ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားထားသည်။

ယင်းသို့ စစ်ကောင်စီ၏ စစ်တိုင်းဌာနချုပ်ကြီးတစ်ခု သိမ်းပိုက်ရရှိမှုနှင့်ပတ်သက်ပြီး ဓမ္မဘက်တော်သား ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များမှ ဝမ်းသာဂုဏ်ပြုစာများ ထုတ်ပြန်ခဲ့သလို တစ်ဖက်တွင်လည်း စစ်ကောင်စီ ထောက်ခံသူများနှင့် ဝါဒဖြန့်သူများက ရမခ သိမ်းပိုက်ခံရခြင်းအပေါ် ကန့်ကွက်ရှုတ်ချစာများ ထုတ်ပြန်ခဲ့ပြီး စစ်ခေါင်းဆောင်ကို အပြစ်တင်ဝေဖန်သူများနှင့လည်း ဂယက်ရိုက်လျက်ရှိသည်။

ပုံစာ- အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှေ့တွင် တွေ့ရသည့် MNDAA တပ်ဖွဲ့ဝင်များ
#ရှမ်းမြောက် #လားရှိုး #စစ်ကောင်စီ #ရမခ #စစ် တိုင်း #သိမ်းပိုက်ခံရမှု #တော်လှန်ရေးတပ်ဖွဲ့ #ဂုဏ်ပြုစာ #Ayeyarwaddy_Times