
ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ ရက်
စစ်အာဏာရှင် ရှိနေသမျှကာလပတ်လုံး အရေးအခင်းများနှင့် ပြည်သူလူထုတို့ကို ရက်ရက်စက်စက် သတ်ပစ်ခံရသည့် ဖြစ်စဉ်များ ထပ်မံကြုံတွေ့နေရဦးမည်ဖြစ်ပြီး မြန်မာပြည်မြေပေါ်မှ စစ်အာဏာရှင် ကင်းစင်ရေးအတွက် မြန်မာပြည်သားတိုင်းမှာ ကိုယ်စီကိုယ်ငှ တာဝန်ရှိကြောင်း တအာင်းတပ်မတော် (TNLA) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးတာဂျုတ်ဂျားက ပြောသည်။
ယနေ့ ဩဂုတ် ၃ ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ဒုဥက္ကဋ္ဌ ဒုဗိုလ် ချုပ်ကြီး တားဂျုတ်ဂျားက ၎င်း၏လူမှုကွန်ရက်တွင် ထိုကဲ့သို့ ရေးသားထားခြင်းဖြစ်သည်။
စစ်တပ်မှ ၎င်းတို့တိုင်းရင်းသားခေါင်းဆောင်များနှင့် မထောက်ခံသူများကို ပြုမူခဲ့သည့်လုပ်ရပ်များကို လည်းပြန်အမှတ်ရကြရန် ယခုလို ရေးသားထားသည်။
“တစ်ချိန်က ရခိုင်အမျိုးသားလွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သော ခိုင်မိုးလင်းတို့အဖွဲ့ကို ချင်းပြည်နယ်တစ်နေရာမှာ စစ်အာဏာရှင်စစ်တပ်ရဲ့ အမြစ်ပြတ် ချေမှုန်းပစ်ခံရဖူးတယ်။ စစ်အာဏာ ရှင်အတွက် ဗကပ ပြိုကွဲအောင်၊ တစ်ပြည်လုံးနီးပါး အတုအယောင် ငြိမ်းချမ်းရေးယူဖြစ်အောင် စွမ်းဆောင်ပေးတဲ့ MNDAA ခေါင်းဆောင် ဖုန်ကြာရှင်နဲ့ ဖုန်ကြာဖူညီအစ်ကိုနှစ်ယောက်ကို သူတို့တည်ဆောက်ထားတဲ့ လောက်ကိုင်မြို့ကြီးမှ ရက်ရက် စက်စက် ပစ်ခတ်တိုက်ခိုက်ပြီး ညတွင်းချင်း တိုက်ထုတ်ခံရတယ်။ ဦးအိုက်မုန်းဦးဆောင်တဲ့ PSLO/PSLA တပ်ဖွဲ့ကို ၂၀၀၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် မန်တုံမြို့၊ မြို့မဘောလုံးကွင်းထဲမှာ စစ်အာဏာရှင်ရဲ့ အတင်းအဓမ္မ လက်နတ် ဖြုတ်သိမ်းခံရတဲ့ ဖြစ်စဥ်တွေ ပြန်ပြောင်းအမှတ်ရကြပါ” ဟု ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားက ဆိုထားသည်။
စစ်တပ်သည် ခေတ်အဆက်ဆက် တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့ပြီး အဆိုပါ လုပ်ရပ်များကို ပြန်အမှတ်ရကြရန်လည်း TNLA ဒုဥက္ကဋ္ဌ က အသိပေးထားသည်။
” 7 ဇူလိုင်၊ မှိုင်းရာပြည့်၊ ဆင်မလိုက်သင်ဘောကျင်း အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ ရှစ်လေးလုံးအရေးအခင်း၊ ရွှေဝါရောင်တော်လှန်ရေး၊ နွေဦးတောင်လှန်ရေးထဲမှာ ကျောင်းသားများ၊ ရဟန်းသံဃာတော်များ၊ ပြည်သူလူထုတို့ကို ရက်ရက် စက် စက်သတ်ပစ်တဲ့ ဖြစ်စဥ်အပြင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေ ပြန်အမှတ်ရကြပါ။ စစ်အာဏာရှင်ရှိနေသေးတဲ့ ကာလပတ်လုံး ထပ်မံကြုံတွေ့နေရဦးမယ်။ ၁၉၆၂ ခုနှစ် အာဏာ သိမ်းမှု၊ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုတို့လို ထပ်မံကြုံတွေ့နေရဦးမယ်။ မြန်မာပြည်မြေပေါ်မှာ စစ်အာဏာရှင် ကင်းစင်ရေးအတွက် မြန်မာပြည်သားတိုင်းမှာ ကိုယ်စီကိုယ်ငှ တာဝန်ရှိကြပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီပြည် ထောင်စုနိုင်ငံတော်သစ်ကြီး ထူထောင်နိုင်ရေးအတွက် သွေးစည်းညီ ညွတ်ကြ”ဟု TNLA ဒုဗိုလ်ချုပ်ကြီးတာဂျုတ်ဂျားက ရေးသားထားသည်။
ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်ကြီး ထူထောင်နိုင်ရေးအတွက်လည်း သွေးစည်းညီညွတ်ကြဖို့လည်း TNLA ဒုဥက္ကဋ္ဌ တာဂျုတ်ဂျားက တိုက်တွန်းထားသည်။
ပုံစာ- ၅၉ နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အခမ်းအနား
#မြန်မာပြည် #စစ်အာဏာရှင်ကင်းစင်ရေး #ကိုယ်စီကိုယ်ငှတာဝန်ရှိ #TNLAဒုဥက္ကဋ္ဌ #ဒုဗိုလ်ချုပ်ကြီးတာဂျုတ်ဂျား #Ayeyarwadaddy_Times