ဧရာဝတီတိုင်းမ်
သြဂုတ် ၃ ရက်

ဧရာဝတီတိုင်းအတွင်း ရေကြီးနစ်မြုပ်နေသည့် ကျေးရွာများကို ကူညီပေးနေသည့် စေတနာပန်းခင်းဆရာတော်၏ ပုံစံတူ Facebook အကောင့်အတုဖွင့်ကာ ဘုန်းကြီးအယောင်ဆောင်၍ wave၊ KBZ Pay တို့ဖြင့် အလှူခံ ငွေလိမ်လည်မှုများဆက်တိုက် ပြုလုပ်နေကြောင်း သိရှိရသည်။

စေတနာပန်းခင်းဆရာတော်မှာ ဧရာဝတီတိုင်းအတွင်း ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်သည့်အချိန်ကစတင်၍ ရေနစ်မြုပ်နေသည့် ကျေးရွာများကို အစားအသောက်များနှင့် ပိုက်ဆံအချို့တို့ကို ကူညီလှူဒါန်းမှုပြုလုပ်ပေးနေကြောင်း ဧရာဝတီတိုင်းရှိ ဒေသခံများကပြောသည်။

“မနက်ကပဲ နောက်အလှူရှင်တစ်ယောက် နှစ်သိန်း ပါသွားပြန်ပါပြီ။ သူက Wave ထုတ်ခတောင် တောင်းယူသွားလိုက်သေးဘုန်းဘုန်းတို့လည်း အမြဲတမ်း ပို့စ်တွေ တင်ပေးနေပါတယ်။ ပို့စ်တွေအောက်မှာ လှူချင်လို့ပါလို့ စာမရေးပါနဲ့၊ Page ကို စစ်ဆေးပါ၊ ဖုန်းနံပတ်တောင်းပါ၊ စာလာပို့ရင် အဲဒါ လူလိမ်ပါ အမြဲတင်ပေးနေပါတယ်။ ဆရာတော်က မည်သူ့ကိုမှ စာပို့၍ အလှူမခံပါဘူး”ဟု စေတနာပန်းခင်းဆရာတော်က သူ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြရေးသားထားသည်။

စေတနာပန်းခင်းဆရာတော်၏ Page အကောင့်အစစ်မှာ Followers (ဖော်လိုဝါ) လေးသိန်းကျော် (၄၀,၀၀၀၀) ကျော်ရှိပြီး ဘုန်းကြီးအယောင်ဆောင် ငွေလိမ် အလှူခံနေသူ၏ အကောင့်မှာ ရိုးရိုး Facebook အကောင့်သာဖြစ်ကြောင်းတွေ့ရှိရသည်။

လက်ရှိတွင်လည်း ဧရာဝတီတိုင်းအတွင်း ရေနစ်မြုပ်နေဆဲဖြစ်နေသည့် ကျေးရွာအချို့ကို စေတနာပန်းခင်းဆရာတော်ကိုယ်တိုင်သွားရောက်၍ ကူညီကယ်ဆယ်ရေးများနှင့် စားသောက်ဖွယ်ရာများလည်း ကူညီထောက်ပံ့လှူဒါန်းပေးနေကြောင်း စေတနာပန်းခင်းဆရာတော်က သူ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နေ့စဥ်ရေးသားဖော်ပြလျှက်ရှိသည်။

#ဧရာဝတီတိုင်း #ရေဘေးကူညီ #စေတနာပန်းခင်းဆရာတော်၏ #အကောင့်အတုဖွင့် #wave၊#Kpay #အလှူခံကာ #ငွေလိမ်မှုဆက်တိုက် #ပြုလုပ် #Ayeyarwadaddy_Times