
ဧရာဝတီတိုင်းမ်
(ကနီ)၊ ဩဂုတ် ၂ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတစ်နေရာတွင် မုံရွာမြို့နယ်မှ ဆန်တက်လာသည့် စစ်ကောင်စီ စစ်သင်္ဘောများ အပါအဝင် ရေယာဉ် ၁၇ စီးကို ယမန်နေ့ ဩဂုတ် ၁ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များလိုက်ပါလာသည့် သင်္ဘော ၁၇ စီးသည် ကနီမြို့သို့ ကမ်းကပ်ကာ ညဘက် ရိက္ခာချနေစဉ်တွင်တစ်ကြိမ်၊ ချင်းတွင်းမြစ်ကြောင်း တစ်နေရာတွင် တစ်ကြိမ် စနိုက်ပါများ၊ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မ-၂၂ လက်အောက်ခံ ခမရ- ၂၀၄ တပ်ရင်း ၊ မုံရွာ(နမခ) လက်အောက်ခံ ထပရ- ၉၂၉ တပ်ရင်းမှ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အသေးစိတ်ကိုမူ သိရခြင်းမရှိသေးကြောင်း သိရသည်။
“ခန္တီးထိ တက်မယ်လို့ သတင်းရတယ်ဗျ။ မုံရွာ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ ထွက်လာပြီး လက်နက် ခဲယမ်း ရိက္ခာနဲ့ တံတားဆောက်ဖို့ သံဘောင်တွေ တင်လာတယ်ဗျ။ RPG 7နဲ့ ပစ်တာ စစ်သင်္ဘောကို ထိတယ်ဗျ။ နောက် ကနီမြို့ရောက်ပြီး သင်္ဘောပေါ်ကနေ ကနီမြို့အတွက် ရိက္ခာ လက်နက်ခဲယမ်းတွေ ချနေတဲ့အချိန် rocket နဲ့ ပစ်လို့ တပ်သားတွေ သေဆုံးမှုရှိနိင်တယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တာ ထန်းပင်ပါ ပြတ်ထွက်တယ်” ဟု ကျောက်လုံးကြီး PDF ပြန်ကြားရေး တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကောင်စီ သင်္ဘော ၁၇ စီးမှာ အင်အား ၃၀၀ ဝန်းကျင်ဖြင့် မုံရွာ အလုံမင်းထောင့် ဆိပ်ကမ်းမှ ဆန်တက်လာပြီး လက်နက်ခဲယမ်းရိက္ခာများအပြင် တံတားတည်ဆောက်ရာတွင်အသုံးပြုမည့် ပစ္စည်း များကိုပါ တင်ဆောင်လာကြောင်း သိရသည်။
စစ်ကောင်စီ၏ ရေယာဉ် ၁၇ စီးအုပ်စုတွင် စစ်သင်္ဘော နှစ် စီး အပါအဝင် ဖလက်ခွံ၊ မော်တော် စသည့် ရေယာဉ်များပါဝင်ကာ မြစ်ကြောင်းတစ်လျှောက် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်လာသည့်အတွက် ပြည်သူများအနေဖြင့် သတိထားကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
ထိုသို့ တိုက်ခိုက်ခံရမှုများကြောင့် စစ်ကောင်စီက ၎င်းတို့၏ စစ်သင်္ဘောများကို ကာကွယ်ရန် Mi 35 ရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူများ ပေးခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ စစ်သင်္ဘောများ တိုက်ခိုက်မှုကို ဗျူဟာ(၄၅) KLG PDF (ကျောက်လုံးကြီး)အဖွဲ့ နှင့် Chindwin Rocket Brother -CRB တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ကနီ #ချင်းတွင်းမြစ်ကြောင်း #စစ်ကောင်စီသင်္ဘော #တိုက်ခိုက်ခံရ #PDF #Ayeyarwaddy_Times