နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်
စစ်ကောင်စီက ရှမ်းမြောက် စစ်ရှုံးမှုအပေါ် တရုတ်ကို စိတ်ကောက်၍ ညီနောင်သုံးဖွဲ့နှင့် (၆) ကြိမ် မြောက် တွေ့ဆုံသွားမည့် ဟိုင်ဂင်ဆွေးနွေးပွဲအား မတက်ရောက်တော့ဘဲ စစ်ရေးအရ အရှိန်မြှင့် လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း တပ်တွင်း သတင်းရင်းမြစ်နှင့် လေ့လာသူများထံက သိရသည်။
တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ကူမင်းမြို့၌ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ အာရက္ခတပ်တော် (AA) တို့နှင့် ဇူလိုင်လကုန်တွင် ခြောက်ကြိမ်မြောက် တွေ့ဆုံသွားမည့် ဟိုင်ဂင်ဆွေးနွေးပွဲကို ရက်ရွှေ့ခဲ့ပြီးနောက် လာမည့် ဩဂုတ် ၈ ရက်တွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း စစ်ကောင်စီဘက်က တက်ရောက်ရန် မရှိကြောင်း သိရသည်။
“ခိုင်မာမှုမရှိတဲ့ စာချုပ်မို့လို့ တက်ရောက်ဖို့မရှိဘူး။ နောက်လျာထားတဲ့ ရက်တွေမှာလည်း တက်မှာ မဟုတ်ဘူး။ ဇူလိုင်လကုန်လောက်ကတည်းက အစည်းအဝေးရှိတာ။ ဒီဘက်ကကို ဖျက်တာ။ မတက်တော့ဘူး။ မလုပ်တော့ဘူးဆိုပြီး” ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြောက်ပိုင်းညီနောင် သုံးဖွဲ့အနေဖြင့် အပစ်ရပ် သဘောတူညီမှု စာချုပ်ကို လက်မှတ်ရေးထိုး ထားသော်လည်း မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည်ဟု စစ်ကောင်စီကဆိုကာ ယခုကဲ့သို့ ဟိုင်ဂင်ဆွေးနွေးပွဲအား ဖျက်သိမ်းလိုက်ခြင်းဖြစ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် မရှိတော့ဘဲ စစ်ရေးအရသာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
“မနေ့က ကာလုံ အစည်းအဝေးမှာ ပြောတာလဲ တရုတ်ပြည်ကို စောင်းပြီးပြောတယ် ထင်တယ်။ ဒီအဖွဲ့ တွေကို တရုတ်ကထောက်ပံ့ပေးနေလို့ ဖြစ်တယ်လို့ သူက(စစ်ခေါင်းဆောင်) တွက်ပုံရတယ်။ ဒါကြောင့်မို့လို့ တရုတ်ကို စိတ်ကောက်တာပေါ့”ဟု တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်ကလည်း ဇူလိုင် ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော ကာလုံ အစည်းအဝေးတွင် ရှမ်းမြောက်အပါအဝင် ၎င်းတို့တပ်များ စစ်ရှုံးအရေးနိမ့်နေသည့် နယ်မြေများ၌ လုံခြုံရေးအရှိန်မြှင့် မည်ဟု ပြောဆိုထားပြီး ထိုအရာသည် စစ်ရေးအရ သေချာပိုင်နိုင်စွာ တိုက်နိုင်ပါက ပြန်ရလိမ့်မည်ဟု စစ်ကောင်စီအနေဖြင့် တွက်ဆနေပုံရကာ စစ်ရေးအခြေအနေ ပိုဆိုးလာစရာရှိကြောင်း ဒေါက်တာ လှကျော်ဇောက ဆိုသည်။
စစ်ကောင်စီသည် ရှမ်းမြောက်နှင့် ရခိုင်ဒေသ စစ်ဆင်ရေးကြောင့် ထိုဒေသရှိ ၎င်းတို့နယ်မြေများ လက်လွှတ်ဆုံးရှုံးနေရမှုကို တစ်စုံတစ်ရာ ဖြေရှင်းနိုင်ရန် တရုတ်အစိုးရထံ အကူအညီ တောင်းခံခဲ့ပြီး MNDAA ၊ TNLA ၊ AA တို့နှင့် တွေ့ဆုံခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် ခြောက်ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။
“အခုစစ်တပ် လော်ဘီအုပ်စုတွေ ရေးနေကြတဲ့အတိုင်း တရုတ်ကို စိတ်ကောက်ပြဖို့ လှုံ့ဆော်နေ ကြပါတယ်။ ရေရှည် အလုပ်မဖြစ်နိုင်ပါ။ လားရှိုးနဲ့ သိမ်းခံရတဲ့ မြို့တွေတော့ ပြန်ထိုးစစ်ဆင်မယ်လို့ ယူဆနိုင်ပါတယ်”ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့မှ ခေါင်းဆောင်များသည် ဟိုင်ဂင် အစည်းအဝေး တက်ရောက်ရန်နှင့် တရုတ်အစိုးရနှင့် သီးခြားတွေ့ဆုံရန် ယခုရက်ပိုင်းအတွင်း တရုတ်ပြည်သို့ ရောက်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။
အဆိုပါသတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းမ် သတင်းဌာနက အတည်ပြုနိုင်ရန်နှင့် ဟိုင်ဂင် အစည်းအဝေး တက်ရောက်ရန် ရှိ/မရှိ သိရှိနိုင်ရန် တအာင်းတပ်မတော် (TNLA) ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိထိတိုင် ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။
“ဒီဆွေးနွေးပွဲကို စစ်ကောင်စီဘက်က သွားတက်လည်း သူက အရှုံးနဲ့ သွားတတ်ရမှာ။ ဘယ်လိုညှိညှိ လားရှိုးကိုတော့ MNDAA တို့က ပြန်ပေးမှာ မဟုတ်တော့ဘူး။ ဒါကြောင့် တက်လည်း အကျိုးရှိမှာ မဟုတ်ဘူး၊ သူတို့ ခံရမယ်ဆိုတာ သိနေတယ်လေ”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ စစ်ရေးစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ ရှမ်းမြောက်ရှိ မြို့များကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးနေပြီး တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်း ပေးမှုဖြင့် ဟိုင်ဂင်အစည်းအဝေး သဘောတူညီချက် အပစ်ရပ်စဲရေး စာချုပ်ကို နှစ်ဖက်လက်ခံကာ ထိုဒေသများတွင် တိုက်ပွဲများ ယာယီရပ်စဲခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ နှစ်ဖက်အပစ်အခတ် ရပ်စဲထားသော်လည်း စစ်ကောင်စီ၏ လားရှိုးတပ်မှနေ၍ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်ခြင်း၊ စစ်လေယာဉ်များဖြင့် ကြဲချတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရာ ဒေသခံ ပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခဲ့သလို နေအိမ်၊ အဆောက်အဦများလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
“တိုင်းရင်းသားတွေဘက်က ရထားတာတွေက တော်တော်များနေပြီလေ။ ဒါတွေကိုလည်း သူတို့ တည်မြဲခိုင်မာအောင် လုပ်နိုင်တယ်။ ပြီးတော့ “ဝ”တွေဘာတွေကလည်း အကုန်လုံး ပေါင်းစပ်သလို ဖြစ်သွားပြီ ဖြစ်တာကိုး။ တော်လှန်ရေးဘက်ကတော့ တော်တော်အားတက်စရာ ကောင်းပါတယ်။ အဲဒါကို သူတော်တော် တရုတ်ကို မကျေမနပ်ဖြစ်တာ ဖြစ်နိုင်တယ်”ဟု ဒေါက်တာလှကျော်ဇောက သုံးသပ်သည်။
ပြီးခဲ့သည့် ဇွန် ၉ ရက်ကလည်း မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းရှိရာ ကျေးရွာများကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချခဲ့သည့်အတွက် TNLA တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းလုပ်ရပ်သည် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ချိုးဖောက်၍ စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းဖြစ်ကြောင်း TNLA က ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ – အင်တာနက်
#စစ်ကောင်စီ #တရုတ် #စိတ်ကောက် #ဟိုင်ဂင်ဆွေးနွေးပွဲ #မတက်ရောက် #Ayeyarwaddy_Times