
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်
ရှမ်းမြောက်၊ လားရှိုးရှိ စစ်ကောင်စီ၏ အရှေ့မြောက် တိုင်းစစ် ဌာနချုပ်ကြီး (ရမခ)၏ ဗဟိုကင်းကို ယမန်နေ့ ဩဂုတ် ၁ ရက်နေ့တွင် က ကိုးကန့်တပ် (MNDAA) နှင့်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ပူးပေါင်းတပ်တို့သည် ရမခပင်မစစ်ရုံးကြီးအထိ ဝင်ရောက်တိုက်ခိုက်မှုများအပြင် ဗဟိုကင်းကိုပါ စီးနင်းတိုက်ခိုက်နိုင်ခဲ့ပြီး ယနေ့ ဩဂုတ် ၂ ရက်နေ့တွင် ရမခထဲမှ အင်အားရာကျော်သည် မိသားစုများနှင့်အတူ လက်နက်ချပြီဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။
“စစ်တိုင်းတစ်ခုမှာ ဌာနချုပ်တစ်ခုမှာ ဗဟိုကင်းက အသက်ပါပဲ။ ဗဟိုကင်းက တပ်တစ်ခုရဲ့ အရေးကြီး ဆုံးနေရာဖြစ်ပြီး အချက်အခြာမြေပါ။ ဗဟိုကင်းကို ဦးစီးနေတဲ့ အရာရှိလည်း ထိထားတယ်။ ဗဟိုကင်းပြီး ရင် တိုင်းရုံးပါ။ အင်အား ၂၀၀ ကျော် မိသားစုတွေနဲ့အတူ လက်နက်ချပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အရှေ့မြောက်တိုင်းစစ် ဌာနချုပ်(ရမခ)၏ ဗဟိုကင်းကို MNDAA ပူးပေါင်းတပ်က ယမန်နေ့ ဩဂုတ် ၁ ရက်နေ့ နံနက်အစောပိုင်းကတည်းက ဝင်ရောက်စီးနင်းသိမ်း ပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဌာနချုပ်အတွင်းရှိ အမှတ် ၉ ကုတင် ၁၀၀ စစ်ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင် စီတပ်သားများမှာ ခံတိုက်နေရင်း သေဆုံးမှုများကာ လက်နက် ချခဲ့ကြကြောင်း သိရသည်။
“ဆေးရုံတပ်နဲ့တိုက်ပွဲမှာ စကစ(စစ်ကောင်စီ) ဘက်ကအတော်ထိ တယ်။ ဆေးရုံတက်နေတဲ့ အရာရှိတွေလည်း သေတယ်။ အရင်ရက်က ဒဏ်ရာရလို့တင်ထားတဲ့ လူတွေရော ၄၀ ကျော်၊ ၅၀ လောက်ရှိတယ်။ ကုမယ့်သူတွေက ပစ်ထားပြီး ထွက်ပြေးသွားတော့ တချို့အရင်ရက် တွေကတည်းက သေတာတွေလည်း နံစော်နေပြီ။ ခုလက်နက်ချတဲ့သူတွေက ရှေ့တန်းကာကင်းစခန်းဖြစ်တဲ့ ဆေးရုံတပ်ကအဖွဲ့တွေ မိသားစုတွေပါ ပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်သားများသည် တော်လှန်ရေးပူး ပေါင်းတပ်၏ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မှုကြောင့်လက်နက်ခဲယမ်းနှင့် ရိက္ခာများပြတ်လပ်နေပြီး စစ်ကူတောင်းမှုများရှိနေသော်လည်း ပေးပို့နိုင်ခြင်းမရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ ဩဂုတ် ၁ ရက်နေ့က လေကြောင်းမှနေ၍ ၎င်းတို့တပ်ဖွဲ့ဝင်များထံ လက်နက်နှင့်ရိက္ခာများ ချပေးရာတွင် MNDAA မှ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရမခစစ်ဌာနချုပ်၏ အခြေအနေနှင့်ပတ် သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှ ထုတ်ပြန်ခြင်းမရှိသေးပေ။
ပုံစာ-လားရှိုးမြို့ပေါ်တွင်တွေ့ရသည် MNDAA တပ်ဖွဲ့ဝင်များနှင့် ရမခ အမှတ် ၉ ကုတင် ၁၀၀ စစ် ဆေးရုံတပ်
#ရှမ်းမြောက် #လားရှိုး #ရမခ #စစ်ဌာနချုပ် #ဗဟို #ကင်း #အမှတ်၉ #စစ်ဆေးရုံ #MNDAA #BPLA #သိမ်းပိုက် #Ayeyarwaddy_Times