ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်

နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်များ၌ တရားမဝင်ကုန်ပစ္စည်းများဖမ်းဆီးရာတွင် မော်တော် ယာဉ်နှင့် ကုန်စည်တင်ရေယာဉ်ဖမ်းဆီးရမိမှုအများဆုံးဖြစ်ကြောင်း ယမန်နေ့ ဩဂုတ် ၁ ရက်နေ့က ကျင်းပသည့် တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေးဦးဆောင်ကော်မတီ အစည်းဝေးတွင် စစ်ကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

ကုန်ပစ္စည်များဖမ်းဆီးရမှုကို အုပ်စုအလိုက် စိစစ်ရာတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင် ကုန်စည်တင်ရေယာဉ်အပါအဝင် မော်တော်ယာဉ်ဖမ်းဆီးရရှိမှု အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ လုပ်ငန်းသုံးကုန် ကြမ်းပစ္စည်းများပါဝင်ကာ တတိယအများဆုံးမှာ လူသုံးကုန်ပစ္စည်းများဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရသိရသည်။

၂၀၂၄ ခုနှစ် ဇွန်လအထိ ဖမ်းဆီးရမိမှုအတွဲ ၁၃၅၅၀ နှင့် ကုန်ပစ္စည်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၅ ဒသမ ၁၂၆ ဘီလီယံရှိကြောင်းသိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်ဘက်များတွင် တရားမဝင်ကုန် ပစ္စည်းများ ဖမ်းဆီးရရှိမှုများကာ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများ၊ ယစ်မျိုးလုပ်ငန်းများ၊ စက်သုံးဆီများ၊ ဆေးဝါးနှင့်စားသောက် ကုန်အပါအဝင် အလှကုန်ပစ္စည်းများပါဝင်ပြီး ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်နေကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံက ဆိုထားသည်။

အဆိုပါအခြေအနေများကိုတားဆီးကာကွယ်ရမည်ဖြစ်ကာ တရားမဝင် အွန်လိုင်းမှ ကုန်ပစ္စည်းရောင်း ချနေမှု အခြေအနေများနှင့်ပတ်သက်ပြီးဆွေးနွေးကြောင်းပါဝင်သည်။

၂၀၂၄ ခုနှစ် ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း ပြည်တွင်းပြင်ပကုန်သွယ်ရေးကို ပင်လယ်ရေကြောင်းမှ ဆောင်ရွက်နေ သကဲ့သို့ နယ်စပ်ဒေသများမှလည်းဆောင်ရွက်နေပြီး တရားမဝင် ကုန်သွယ်မှုကြောင့် နိုင်ငံ၏ စီးပွားရေးကိုထိခိုက်စေသည်ဟု စစ်ကောင်စီက ဆိုသည်။

ထို့ပြင် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများလျှော့ချနိုင်ပြီး ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ် တည်နိုင်ရေးအတွက် ပြည်ပမှကုန်ချောတင်သွင်းမှုများကို အခွန်နှုန်းထားမြှင့်တင်ရန် လိုအပ်သည်ဟု စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် နှစ်နှစ်အတွင်း တရားမဝင်ကုန်သွယ်မှုမှ အမှုတွဲ ၁၀၃၉၅ မှုနှင့် ကာလ တန်ဖိုး ကျပ်ဘီလျံ ၂၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီထံက သိရသည်။

စစ်ကောင်စီက ပြင်ပသွင်းကုန်အားလုံးကို လိုင်စင်ဖြင့်တင်သွင်းရန်ကန့်သတ်ထားပြီး လိုင်စင်ချ ထားပေးခြင်းမရှိသဖြင့် ကုန်ပစ္စည်းအများအပြားကို တရားမဝင်သွင်းယူနေရကြောင်း သိရသည်။

ဓာတ်ပုံ – MOI
#တရားမဝင်ကုန်ပစ္စည်းဖမ်းဆီးရ #လိုင်စင်မဲ့မော်တော်ယာဉ် #ဓာတုပစ္စည်း #Ayeyarwaddy_Times