ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်

တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူရာတွင် သီးနှံအာမခံကြေးပေးအပ်မှသာမြို့နယ်စိုက်ဘဏ်များမှ ထုတ်ပေးမည်ဟုဆိုသည့်အတွက် တောင်သူများအခက်ကြုံနေရ ကြောင်းသိရသည်။

ဧရာဝတီတိုင်းတွင် ရေကြီးမှုဖြစ်စဉ်ကြောင့် ဒေသခံတောင်သူများ အခက်ကြုံနေချိန် ယခုကဲ့သို့ လုပ်ဆောင်လာသည့်အတွက် တောင်သူများအခက်ကြုံနေရခြင်းဖြစ်သည်။

လေးမျက်နှာမြို့နယ်၌ ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်အတွင်း မိုးသည်းထန်စွာသွန်းမှုကြောင့် ငဝန်မြစ်ရေမြင့်တက်ကာ ကျေးရွာ ၂၀ခုထက်မနည်းမှ လယ်ယာမြေဧက ၅၀၀ကျော်ထက်မနည်း ရေနစ်မြုပ်ခဲ့မှုအပေါ် ရေဘေးသင့်ဒေသခံ တောင်သူများမှစိုက်ပျိုးရေးစရိတ်ချေးငွေထုတ်ယူရန်အတွက် စစ်ကောင်စီလက်အောက်ခံ လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့သွားရောက်အကြောင်းကြားရာတွင် သီးနှံအာမခံကြေးပေးဆောင်မှသာ ချေးငွေပြန်လည်ထုတ်ပေးမည်ဟု ဘဏ်စာရေးဖြစ်သူနှင့် မန်နေဂျာတို့မှခြိမ်းခြောက်ပြောဆိုကြောင်း တောင်သူများထံကသိရသည်။

“ကျွန်တော်တို့ရေနစ်တဲ့လယ်တွေအတွက် မြို့နယ်စိုက်ဘဏ်ကိုသွားပြီး စိုက်ချေးငွေလေးရဖို့အကြောင်းကြားတာပေါ့။ အဲ့တာကို သီးနှံအာမခံကြေးပေးမှ ချေးငွေထုတ်လို့ရမယ်ဆိုပြီးပြန်အပြောခံရတယ်။ လယ်တွေရေနစ်ကုန်လို့ ပိုက်ဆံမရှိတော့ပါဘူးဆိုမှ ဘယ်လိုလုပ်အာမခံကြေးပေးလို့ရမှာလဲ။ တောင်းတဲ့သူတွေကစာရေးနဲ့မန်နေဂျာတွေကိုယ်တိုင်ရုံးခန်းထဲခေါ်ပြီးတောင်းတာ”ဟု လေးမျက်နှာမြို့နယ်ရှိ မြင်းကုန်းကျေးရွာမှ တောင်သူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

လေးမျက်နှာမြို့နယ်၌ ရွှေပင်စု၊ညောင်ပင်ကွင်း၊ မြင်းကုန်းအပါအဝင် ကျေးရွာ ၂၀ခုထက်မနည်း မိုးသည်ထန်စွာရွာသွန်းမှုကြောင့်ငဝန်မြစ်ရေမြင့်တက်ကာ ဒေသခံအိမ်ထောင်စု ၁၀၀ ကျော်ထက်မနည်းရေဘေးသင့်ဒဏ်ခံစားခဲ့ရကာလယ်ယာမြေဧက ရာချီရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရေဘေးသင့်တောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးချေးငွေထုတ်ယူရန်အတွက် အာမခံကြေးနှင့် ရန်ပုံငွေအဖြစ် တစ်ဧက လျှင် ငွေ နှစ်သောင်းခွဲကျပ်ထက်မနည်း မြို့နယ်စိုက်ဘဏ်မန်နေဂျာနှင့်စာရေးဝန်ထမ်းများမှတောင်းယူနေခြင်းဖြစ်ကြောင်းဒေသခံတောင်သူများမှ ပြောဆိုသည်။

“စိုက်ချေးငွေမရခင် အာမခံကြေးကတစ်ဧက ၂၅၀၀၀ တောင်းတာ။ နောက်ပြီးတော့ စိုက်ချေးငွေက ရမရမသေချာသေးဘူး။ အာမခံကြေး အတင်းတောင်းခံရတဲ့သဘောဖြစ်နေတာ။ အခုလိုဒုက္ခရောက်နေတဲ့အခြေအနေမှာကို ဘယ်လိုလုပ်ပြီး ပေးနိုင်မှာလဲဗျာ။ တချို့ကတော့အပြင်ငွေချေးတဲ့သူတွေဆီကနေပဲအတိုးများများပေးပြီး ချေးရတာပေါ့။ မဟုတ်ရင်လယ်တွေပြန်ပြင်ဖို့ခက်ကုန်မှာကို”ဟု ရေဘေးသင့်ကြုံတွေ့ရသည့်ရွှေပင်စုဒေသခံတောင်သူတစ်ဦးကဆိုသည်။

အလားတူ သာပေါင်းမြို့နယ်၌ ပြီးခဲ့သည့်ဇူလိုင်လ ဒုတိယအပတ်ကစ၍မိုးသည်းထန်စွာရွာသွန်းကာ မြစ်ရေဝင်ရောက်မှုကြောင့်ကျေးရွာ၄၀ရွာထက်မနည်း ရေနစ်မြုပ်ခဲ့ပြီး စိုက်ဧက(၁၀၀၀)ထက်မနည်းရေနေမြုပ်ခဲ့ကြောင်း သိရသည်။

#သီးနှံအာမခံကြေး #စိုက်ဘဏ် #စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးမည် #Ayeyarwaddy_Times