
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်
တောင်ကျချောင်းရေနှင့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မကွေးတိုင်းရှိ မန်းချောင်းရေလှောင် တမံအပါအဝင် ကြီးအုံကြီးဝတမံနှင့် မုန်းရေလှောင်တမံတို့၏ ပင်မရေပိုလွှဲမှ ရေကျော်နေသဖြင့် မန်းချောင်းနှင့် မုန်းချောင်းတစ်လျှောက် နေထိုင်သူများ သတိထားရန်လိုအပ်ကြောင်း သိရသည်။
မန်းချောင်းပေါ်ရှိ မန်းချောင်းရေလှောင်တမံနှင့် မုန်းချောင်းပေါ်တွင် တည်ဆောက်ထားသော မုန်းတမံ အပါအဝင် ကြီးအုံကြီးဝတမံတို့ရှိ ရေပိုလွှဲမှရေကျော်နေသဖြင့် ယင်းပတ်ဝန်းကျင်ရှိဒေသခံများ သတိထားရန်လိုအပ်ကြောင်းသိရသည်။
ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ ၃ ဒသမ ၅ ပေအမြင့်သို့ ရေကျော်ကျနေသဖြင့် မင်းဘူးမြို့နယ်ရှိ ရွှေစက်တော်အောက်စက်တော်ရာ ရေကြီးရေလျှံနေကြောင်းသိရသည်။
ထို့ပြင် ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံ၏ ပင်မရေပိုလွှဲမှရေကျော်ရာတွင် ယနေ့ ဩဂုတ် ၂ ရက်နေ့ နံနက် ၆ နာရီတွင် ၅ ဒသမ ၀၈ ပေရှိရာမှ ညနေ ၆ နာရီတွင် ၁၁ ဒသမ ၈ ပေကျော်လွန်နေကြောင်း ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲရေး ဦးစီးဌာနထံက သိရသည်။
ယင်းပြင်စေတုတ္တရာမြို့နယ်ရှိ မုန်းရေလှောင်တမံ၏ ပင်မရေပိုလွဲမှရေကျော်ရာတွင် မနက်ပိုင်းတွင် ၃ ဒသမ ၉ ရှိပြီး ညနေပိုင်းတွင် ၆ ဒသမ ၆ ပေ အထိရေကျော်ကျနေကြောင်း သိရသည်။
အဆိုပါမန်းချောင်းနှင့်မုန်းချောင်းပတ်ဝန်းကျင်ရှိ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ်၊ ပွင့်ဖြူမြို့နယ် နှင့် စကုမြို့နယ်များအပါအဝင် ချောင်းအနီးနေထိုင်သူများ အထူးသတိထားရန်လိုအပ်သည်ဟု မြို့နယ် ဆည်မြောင်း နှင့်နီးစပ်သူတစ်ဦးက သတိပေးပြောကြားသည်။
လက်ရှိတွင် စေတုတ္တရာမြို့နယ်အတွင်းရေကြီးရေလျှံမှုကြောင့် လယ်မြေပျိုးခင်းများ၊ နှမ်းခင်းများ ရေနစ်မြှုပ်ပြီး မြို့အနိမ့်ပိုင်းရပ်ကွက်များတွင် အိမ်ထဲရေဝင်ရောက်သဖြင့် မီးသတ်တပ်ဖွဲ့နှင့် ရပ်မိရပ်ဖ များဝိုင်းဝန်း ကူညီရကြောင်း မကွေးဒေသခံတစ်ဦးထံက သိရသည်။
အဆိုပါတမံများထဲမှ မုန်းချောင်းနှင့် ကြီးအုံးကြီးဝတံသည် လယ်ယာများကိုရေပေဝေးရေးနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အသုံးပြုကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနထံက သိရသည်။
ဓာတ်ပုံ – မကွေးဒေသခံ
#မကွေး #တမံများရေကျော် #စေတုတ္တရာ #ပွင့်ဖြူ #စကု #ငဖဲ #ရေကြီးရေလျှံ #Ayeyarwaddy_Times