ဆောင်း/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်

စစ်ကောင်စီ၏ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တကက) များတွင် ပြည်သူ့စစ်မှုထမ်း သင်တန်း တက်ရောက်နေသည့် သင်တန်းသားများကို ယခု ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက စစ်သင်တန်းစောဆင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းများတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂) တက်ရောက်နေသည့် သင်တန်းသားများသည် လာမည့် သြဂုတ်လ ၂ ရက်နေ့တွင် သင်တန်းဆင်းမည်ဟု ဆိုထားသော်လည်း စစ်သည်အင်အားလိုအပ်နေသောကြောင့် တကက ကျောင်းအချို့ရှိ သင်တန်းတက်ရောက်နေသူများကို သင်တန်းစောဆင်းစေကာ ရှေ့တန်းသို့ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမှတ်စဥ် ၂ လျှို့ဝှက်စွာနဲ့ တိတ်တဆိတ် သင်တန်းဆင်းပေးလိုက်တာပါ။ သင်တန်းသားတွေတောင် သင်တန်းဆင်းတယ်ဆိုတာမသိဘူး။ သင်တန်းဆင်းအတွက် အစမ်းလေ့ကျင့်တယ်ပြောပြီး တစ်ခါတည်း သင်တန်းဆင်းပေးလိုက်တာဖြစ်ပါတယ် ။ဘယ်လို ခွဲဝေလဲဆိုတာကိုလည်း သင်တန်းနဲ့သက်ဆိုင်သူ အချို့ကိုသာအသိပေးထားတယ်”ဟု နေပြည်တော်ရှိ စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၁) ကို ၁၂ ပတ်အကြာစစ်သင်တန်းပေး၍ ဇွန် ၂၈ ရက်နေ့တွင် သင်တန်း ဆင်းပွဲပြုလုပ်ခဲ့သော်လည်း ယခု အမှတ်စဥ်(၂)မှ သင်တန်းတွင် သင်တန်းကျောင်းအချို့မှ သင်တန်းသား များကို ၁၂ ပတ်ကြာ စစ်သင်တန်းမပြီးဆုံးခင် ရှေ့တန်းသို့ လျှို့ဝှက်စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရ သည်။

စစ်ကောင်စီတပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို သင်တန်ဆင်းလျှင် စစ်တိုက်ခိုင်းခြင်း မပြုလုပ်ဘဲ ဂိတ်စောင့်၊ နယ်မြေလုံခြုံရေးတာဝန်းများ စတင်တာဝန်ထမ်းဆောင်ခိုင်းမည်ဟု ပြောဆိုထားသော်လည်း လက်ရှိတပ်အင်အားလိုနေသည့် နေရာများတွင်အသုံးပြုရန်အတွက် ရှေ့တန်းသို့ ပို့ဆောင်လျက်ရှိသည်။

“တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းဖြစ်တဲ့ ဂျိုးဖြူ အမှတ် (၁) နဲ့ ပုသိမ် တပ်မတော် လေ့ကျင့်ရေးကျောင်း (၆) အတူတူ သင်တန်းဆင်းတာ သိပ်မကြာသေးဘူး။ အမှန်က သင်တန်းဆင်းဖို့ ရက်နဲနဲလိုသေးတယ်။ ဒါပေမယ့် လူလိုနေတော့ အားချင်း သင်တန်းစောဆင်းပေးခဲ့တာဖြစ်တယ်။ သင်တန်းသားတွေကိုစစ်ဆင်ရေးနေရာတွေဆီ တိုက်ရိုက်ပို့ဆောင်မှာပါ” ဟု တပ်တွင်းသတင်း ရင်းမြစ်ကဆိုသည်။

စစ်ကောင်စီ၏ အဓမ္မစုဆောင်းခြင်းခံထားရသည့် ပြည်သူ့ စစ်မှုထမ်းသင်တန်းသားတစ်ဦးလျှင် အသက် အာမခံကြေး တစ်နှစ်စာချုပ် ကျပ်ငွေ ၅,၀၀၀ (ငါးထောင်) ပေးသွင်းထားရပြီး တိုက်ပွဲအတွင်း သေဆုံးခဲ့လျှင်အသက်အာမခံကြေး ၅၀၀,၀၀၀ (ငါးသိန်း) ရရှိမည်ဟု တပ်တွင်း သတင်းရင်းမြစ် ထံကသိရသည်။

သင်တန်းကျောင်းအားလုံးနီးပါးရှိ အမှတ်စဉ် (၁)သင်တန်း ဆင်းခဲ့ကြသည့် သင်တန်းဆင်းများကို ဇူလိုင်လ ပထမပတ်တွင် ရှေ့တန်းသို့ ပို့ဆောင်စေခဲ့ပြီး တိုက်ပွဲအတွင် ပြည်သူ့စစ်မှုထမ်းများ ထိခိုက်သေဆုံးသူများရှိသည့်အပြင် ထွက်ပြေးကြသည့်သူများလည်းရှိနေကြောင်း သိရသည်။

စစ်ရှုံးစစ်ကောင်စီသည် မြန်မာတစ်နိုင်ငံလုံးတွင် တော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသား လက်နက်တော်လှန် ရေးအဖွဲ့များ၏ ထိုးစစ်ဆင်မှုကိုခံနေရ၍ စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များ စစ်မှုထမ်းခြင်းဖြင့် တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ကြရန်နှင့် မျိုးချစ်စိတ်ဓာတ်အပြည့် အဝထားရှိကြရန် ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှနေ၍ နေစဥ်နှင့် အမျှလှုံ့ဆော်လျက်ရှိသည်။

စစ်ကောင်စီသည် ၎င်းတို့တပ်များတွင် စစ်မှုထမ်းဆောင်ရန်အတွက် နည်မျိုးစုံဖြင့် လူငယ်များကို စုဆောင်းလျက်ရှိပြီး စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၄) တက်ရောက်ရမည့် ပြည်သူ့စစ်မှုထမ်းများမှာ ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့ကစတင်၍ သင်တန်းကျောင်းများအားလုံးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြထားသည်။

မြန်မာပြည်အနှံ့အပြား မြို့နယ်အများစုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များသည် ၎င်းတို့၏ သားသမီးများကို အမှတ်စဥ် (၁) ၊ အမှတ်စဥ်(၂) အမှတ်စဥ် (၃) အမှတ်စဥ် (၄)တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် ပြေလည်ခြင်းမရှိသူ၊ ငွေကြေးမပြည့်စုံသူ အများစုကိုသာ စစ်မှုထမ်းဆောင်ရန် စာရင်းများ ပေးသွင်းခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ-အမှတ်စဥ် (၂) ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ
#ရှေ့တန်း #စစ်သည်များ #စစ်ကောင်စီတပ် #ပြည်သူ့စစ်မှုထမ်း #တိတ်တဆိတ် #သင်တန်းစောဆင်း #ရှေ့တန်းလွှတ် #Ayeyarwaddy_Times