ဧရာ၀တီတိုင်းမ်
ဩဂုတ် ၁ ရက်
ဧရာ၀တီတိုင်းရှိ မြို့အသီးသီးတွင် စက်သုံးဆီမလုံလောက်သည့်အတွက် ပန့်ဆိုင်များမှာ ခွဲတမ်းစနစ်ဖြင့် ရောင်းချနေပြီး ဒေသခံများ တန်းစီစောင့်ဆိုင်းဝယ်ယူနေရကြောင်း သိရသည်။
စက်သုံးဆီအဓိကဖြန့်ဖြူးပေးနေသည့် ရန်ကုန်မြို့မှ ဆီများရောက်မလာသဖြင့် လက်ကျန်စက်သုံးဆီများကို ချွေတာရောင်းချပေးနေခြင်းဖြစ်ပြီး ဆီဆိုင်တချို့မှာ ရောင်းစရာဆီမရှိသဖြင့် ပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။
“မြန်အောင်မှာ ဆီဆိုင် ၄ ဆိုင်ရှိတာ ၁ ဆိုင်ပဲရောင်းတယ်။ ၃ ဆိုင်က ရောင်းစရာ ဆီမရှိလို့ အရောင်းပိတ်ထားတယ်”ဟု မြန်အောင်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စက်သုံးဆီဆိုင်တချို့၌ ဆီ ၁ လီတာလျှင် ၃၀၀၀ ကျပ်စျေးနှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် ၃၀၀၀ ကျပ်ဖိုး ရောင်းချပေးနေပြီး အိုးဝေ (သုံးဘီးဆိုင်ကယ်) နှင့် ထော်လာဂျီများဆိုလျှင် ၅၀၀၀ ကျပ်ဖိုး၊ ကားများဆိုလျှင် ၁၅၀၀၀ ကျပ်ဖိုးသာ ရောင်းချပေးနေကြောင်း သိရသည်။
“ဓာတ်ဆီက တန်းစီဝယ်နေရတယ်။ လူတယောက် ၃၀၀၀ ဖိုးပဲရောင်းပေးတယ်။ အိုးဝေဆီ ၅၀၀၀ ဖိုး ရောင်းတယ်။ ပြင်ပလမ်းဘေးဆိုင်တွေမှာတော့ ၁ လီတာ ၃၈၀၀ အထိ စျေးတင်ရောင်းနေတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။
စက်သုံးဆီရောင်းချရန် ရန်ကုန်ရှိ လက္ကားဆိုင်များထံ ငွေပေးပို့ဝယ်ယူသော်လည်း ဝယ်မရ ဖြစ်နေကြောင်း အင်္ဂပူမြို့နယ်မှ စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ဆိုင်မှာ ဆီမရှိဘူး။ ပိုက်ဆံပေးပါ့မယ် ဆီပို့ပေးပါဆိုပြီး ရန်ကုန်ကို လှမ်းမှာတာတောင် ဆီကမရဘူး ဖြစ်နေတယ်”ဟု သူက ပြောသည်။
ဧရာ၀တီတိုင်း၌ စက်သုံးဆီပြတ်လပ်မှုမှာ ဇူလိုင်လ ၂၉ ရက်နေ့ကစတင်ဖြစ်ပေါ်နေပြီး ဩဂုတ်လ ၁ ရက်နေ့တွင် အခြေအနေများ ပိုမိုဆိုးရွားလာနေခြင်းဖြစ်သည်။ ဆီပြတ်လပ်မှုမှာ ဧရာ၀တီတိုင်းတွင်သာမက ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင်ပါ ဖြစ်ပေါ်နေပြီး ညအိပ်စောင့်ဆိုင်း ဝယ်ယူရမှုများလည်း ဖြစ်ပေါ်နေသည်။
“လက်ကျန်ဆီ ရောင်းစရာကုန်ရင် ကျွန်တော်တို့ဆိုင်လည်း ပိတ်ထားတော့မှာ။ အခုက ဆီက ဘယ်တော့ရမယ်ဆိုတာလည်း တပ်အပ်မပြောနိုင်တဲ့အခြေအနေမှာ ရှိတယ်။ ဆီပြတ်သွားရင်တော့ အကုန်လုံး ဒုက္ခရောက်မှာ ကျိန်းသေပဲ”ဟု အင်္ဂပူမြို့နယ်မှ စက်သုံးဆီဆိုင်ဝန်ထမ်းက ပြောသည်။
Ayeyarwaddy_Times #ဧရာ၀တီတိုင်း #စက်သုံးဆီ #ပြတ်လပ်