
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့မှ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်သို့ စစ်ဘေးရှောင်ရန်အတွက် သွားသည့်ကားတစ်စီး မတော်တဆဖြစ်ပွါးသဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ငါးဥဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ကလေးမြို့နယ်တွင် စစ်ဘေးရှောင်ရန် လူ ရှစ်ဦးလိုက်ပါစီးနင်းသည့် ကားတစ်စီးသည်ဇူလိုင်လ ၃၀ ရက်၊ ညနေ့ ၄ နာရီဝန်းကျင်တွင် ဖလမ်းမြို့နယ် ဟိုင်မွှာလ်ကျေးရွာအရောက်တွင် ယာဉ်မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက် ၆၀ အရွယ်အမျိုးသမီး တစ်ဦးသေဆုံးပြီး ၎င်း၏ အမျိုးသားဖြစ်သူအပါဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိကာ နှစ်ဦးသည် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မိုးတွင်းကာလ လမ်းတွေက အရမ်းချော်တယ်။ အခုဖြစ်တာလည်း ကားအတက်မှာ နောက်ပြန်ဆုတ်ပြီး တက်ဖို့ပြင်ဆင်တုန်း ကားနောက်ပြန်လဲသွားတာဖြစ်တယ်။ ကားနောက်မှာ ထိုင်တဲ့အမျိုးသမီးက ပွဲချင်းပြီး သေဆုံးပြီးတော့ ငါးယောက်က ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့အထဲ ပြင်းထန်တဲ့သူတွေလည်းပါတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖလမ်းမြို့တွင် ချင်းညီနောင်အဖွဲ့၏ မြို့သိမ်းတိုက်ပွဲ သတင်းများကြောင့် ယခုရက်ပိုင်းအတွင်း ဒေသခံများအစုသည် ရန်ကုန်၊ မန္တလေး၊ ကလေး စည့်မြို့များနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဇူလိုင်လ ၂၉ ရက်နေ့ကလည်း ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၆၈ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ကလေးတစ်ဦးအပါဝင် အရပ်သားနှစ်ဦး ဒဏ်ရာရရှိပြီး လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သေးသည်။
#ကလေးမြို့ #စစ်ဘေးရှောင် #ယာဉ်မတော်တဆ #အမျိုးသမီးတစ်ဦးသေဆုံး #Ayeyarwaddy_Times