
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်လာကာ စစ်ကောင်စီထံတွင် စက်သုံးဆီဖိုးပေးရန်အတွက် ဒေါ်လာငွေ လိုအပ်နေကြောင်း သိရသည်။
အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့ခံရထားသော စစ်ကောင်စီသည် အမေရိကန်ဒေါ်လာကို လွတ်လပ်စွာ သုံးစွဲနိုင်ခြင်းမရှိသည့်အတွက် မော်တော်ယာဉ်နှင့် လေယာဉ်စက်ဆုံးဆီအပါအဝင် စစ်အသုံးစရိတ်များ ပေးချေရန်အခက်တွေ့နေကြောင်း သိရသည်။
လာမည့်ဩဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ကြိုတင်သိုလှောင် ဖြန့်ဖြူးလျက်ရှိပြီး ပြည်ပမှဆီတင်သင်္ဘောအဆက်မပြန်ဝင်ရန်ကြိုးစားနေကြောင်း ယနေ့ ဩဂုတ် ၁ ရက်နေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာတွင် ဖော်ပြထားသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှရရှိထားသည့်အကျိုးအမြတ်ငွေများ ပြန်လည်စီးဝင်နိုင်မှုမရှိခြင်း၊ နိုင်ငံခြားဝင်ငွေမရှိခြင်းများကြောင့် အမေရိကန်ဒေါ်လာပြတ်လပ်မှုရှိနေပြီး မော်တော်ယာဉ်ဆီနှင့် လေယာဉ်ဆီများထပ်မံပြတ်လပ်နိုင်ကြောင်းသိရသည်။
ယခုရက်ပိုင်း ဇူလိုင် ၂၆ ရက်မှ ယနေ့ (ဩဂုတ် ၁ ) ရက်နေ့အထိ စက်သုံးဆီဈေး တစ်လီတာ ၅၅ ကျပ်ဝန်းကျင် အကျဈေးသတ်မှတ်ထားပြီးနောက် ဇူလိုင် ၃၀ ရက်နေ့တွင် စက်သုံးဆီပြတ်လပ်မှု စတင်ဖြစ်ပေါ်ခဲ့သည်။
လက်ရှိရန်ကုန်မြို့နှင့် မြို့ကြီးများတွင် မော်တော်ယာဉ်သုံးဆီကို တန်းစီစောင့်ဆိုင်းဝယ်ယူနေရကြောင်း သိရပြီး တန်းစီးရာတွင် ၄ နာရီမှ ၅ နာရီကြားကြာမြင့်ကြောင်းသိရသည်။
“ မနက်စောစောထတန်းစီးရင်ဆီရတယ်။ ဟိုတစ်ခါဆီပြတ်သွားပြီးကတည်းက မနက် ၆ နာရီဆို ဆီထည့်လိုက်ပြီး တက္ကစီဆွဲတယ်။ နောက်လိုမှထပ်ထည့်တာပေါ့။ ဆီဆိုင်တွေက အလကားနေ ဈေးနည်း နည်းကျတဲ့ ဆီကုန်ပြီလုပ်တယ်” ဟု ရန်ကုန်မြို့တွင်းတက္ကစီယာဉ်မောင်းတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
ထို့ပြင် လေယာဉ်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်နေပြီး ကုန်စည်လေယာဉ် (cargo flight) ပျံသန်းမှု နောက်ကျနိုင်သဖြင့် ကုန်စည်ပို့ဆောင်ရေးအချိန်မီရောက်ရှိမည်မဟုတ်ကြောင်း ပြည်တွင်းရှိ နိုင်ငံခြားကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတစ်ခုက ကြေညာထားသည်။
စစ်ကောင်စီအာဘော်သတင်းစာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်လမ်းခရီးအခက်အခဲများရှိ၍ ဆီတင်ယာဉ်ရောက်ရန်ခက်ခဲခြင်း၊ ဆီဆိုင်များတွင်ဆီမပြတ်ရန် ထိန်းသိမ်းရောင်းချခြင်း၊ ပိတ်ထား ရသည့် ဆီဆိုင်ခွဲတမ်းဆီများကို အခြားနေရာများထံပေးပို့ခြင်းများ ဆောင်ရွက်နေကြောင်းဖော်ပြထား သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#စက်သုံးဆီပြတ် #မော်တော်ယာဉ်ဆီ #လေယာဉ်ဆီ #ဒေါ်လာငွေလိုအပ် #Ayeyarwaddy_Times