“ဘယ်လောက်ဆိုးသလဲဆိုရင် တချို့နေရာတွေဆို အိမ်ခေါင်လောက်ပဲ ပေါ်တဲ့အနေအထားတွေ ဖြစ်ခဲ့ရတယ်။ တချို့ဆိုရင် အိမ်ရဲ့ထုတ်တန်းပေါ်မှာ သွပ်ပြားတင်ပြီး ထမင်းချက်စားရတယ်။ ”

ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်

မြန်မာနိုင်ငံတွင် ယခုနှစ် မိုးရာသီအစ၌ပင် မုတ်သုံးအားကောင်းကာ မြန်မာနိုင်ငံတစ်နိုင်ငံလုံး မိုးအဆက် မပြတ်ရွာ သွန်းခြင်းကြောင့် မြစ်ကြီးများရေလျှံကာ ဧရာဝတီတိုင်းအပါအဝင် နိုင်ငံတစ်ဝန်း ရေလွှမ်းမိုးမှု များမှာ ယနေ့ထိတိုင် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

လက်ရှိချိန်ထိ မြန်မာနိုင်ငံအတွင်း စီးဆင်နေသော မြစ်အသီးသီးရှိ မြစ်ရေများသည် မြို့ကြီး ၁၀ မြို့တွင် စိုးရိမ်ရေမှတ်ထက်ကျော်၍ ရှိနေဆဲဖြစ်ပြီး ဧရာဝတီတိုင်းတွင် ဟင်္သာတ၊ ဇလွန်၊ ကျုံပျော်၊ မြန်‌အောင်၊ အင်္ဂပူ၊ ငါးသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်၊ မအူပင် မြို့များအပါအဝင် ပဲခူးတိုင်း၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းရှိ မြို့နယ်အချို့တို့တွင် ရေလွှမ်းမိုးမှုဖြစ်ပွားပြီး လူသေဆုံးမှုများရှိကာ ပြည်သူများ စားဝတ်နေရေး ထိခိုက်နေရကြောင်းသိရသည်။

ထိုသို့ ရေလွှမ်းမိုးမှုများကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရပြီး ထိခိုက် သေဆုံးများလည်းရှိကာ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း လူမှုကူညီကယ်ဆယ်ရေး အဖွဲ့များထံက သိရသည်။

ထို့ကြောင့် ဧရာဝတီတိုင်းအတွင်း ရေဘေးနှင့်ပတ်သက်၍ ကူညီလှူဒါန်းပေးနေသော ပရဟိတ ဆောင်ရွက်နေသည့် ဆရာတော်တစ်ပါးကို ဧရာဝတီတိုင်းမ် သတင်းဌာနမှ အကြီးတန်း သတင်းထောက် နိုင်မင်းလွင်က ဆက်သွယ်မေးမြန်းထားပါသည်။

♦️ဧရာဝတီတိုင်းမ် ။ ။ လက်ရှိ ဧရာဝတီတိုင်းအတွင်း ဘယ်မြို့၊ ဘယ်ဒေသတွေမှာ ရေဘေးအခြေ အနေတွေက ဘယ်လိုရှိနေတယ်လို့ သိရှိရပါသလဲ။ အခြေအနေ ဆိုးဝါးတယ်လို့ ပြောလို့ရနိုင်မလား။

ဆရာတော် ။ ။ တစ်နယ်တစ်ဒေသနဲ့ တစ်ဒေသတော့ မတူဘူးပေါ့။ လွန်ခဲ့တဲ့ တစ်ပတ်ကျော် လောက်ကနေ စပြီးတော့ အဆိုးဆုံးကတော့ ဇလွန်၊ ဟင်္သာတ၊ အင်္ဂပူ၊ လေးမျက်နှာ အဲဒီမြို့နယ်တွေမှာ ရေကြီးနစ်မြုပ်မှု အခြေအနေတွေ ဖြစ်ခဲ့တယ်။ အခုကတော့ ဒီဘက်ရေတွေ ကျသွားတဲ့အခါ ဘယ်ရောက်သွားလဲဆို ကျောင်းကုန်းတို့ အိမ်မဲတို့ သာပေါင်းတို့ ဧရာဝတီတိုင်း အောက်ပိုင်းနယ်တွေကို ဆက်ပြီးရေတွေ ဆင်းနေတဲ့ အခြေအနေ တွေ့ရပါတယ်။ အဲ့ဒီဘက်တွေမှာတော့ အခုထက်ထိ အိမ်အဆင့်တွေ နစ်မြုပ်တဲ့အခြေအနေ ရှိတယ်လို့ ဘုန်းကြီးတို့ ကြားသိရပါတယ်။

ဘယ်လောက်ဆိုးသလဲဆိုရင် တချို့နေရာတွေဆို အိမ်ခေါင်လောက်ပဲ ပေါ်တဲ့အနေအထားတွေ ဖြစ်ခဲ့ရတယ်။ အဲဒီအချိန် သူတို့အတွက် ချက်ရေးပြုတ်ရေးကအစ တော်တော်ခက်တာပေါ့။ တချို့ဆိုရင် အိမ်ရဲ့ထုတ်တန်းပေါ်မှာ သွပ်ပြားတင်ပြီး ထမင်းချက်စားရတယ်။

နောက်ပြီး မြွေအန္တရာယ်တွေ ကြောက်ရတယ်။ ဘုန်းဘုန်းတို့သွားတဲ့ နေရာတွေမှာ မြွေပွေး မြွေဟောက်တွေ အိမ်ပေါ်တက်လို့ သူတို့ရိုက်တယ်။ သတ်တယ်လို့ ကြားရတယ်။ ဒါပေမယ့် လူကိုကိုက်လို့ သေတာတွေတော့ မရှိဘူးပေါ့။

♦️ဧရာဝတီတိုင်းမ်။ ။ နောက်ပြီး ရေဘေးကြောင့် မိသားစု၊ အိမ်ခြေ ဘယ်လောက်အထိ ဒုက္ခရောက်နေတယ်လို့ သိရှိရပါသလဲ။ ထိခိုက်သေဆုံးတာမျိုးရော ဖြစ်ပေါ်ရှိပါသလား။

ဆရာတော် ။ ။ အဲဒါကတော့ ဘုန်းဘုန်းတို့ မသိဘူး။ ဘာလို့ဆိုတော့ ဘုန်းဘုန်းတို့ ရောက်တဲ့ ရွာကလည်း အဲလောက်ကြီး အများကြီးမဟုတ်ဘူးလေ။ ဘုန်းဘုန်းတို့ရောက်တဲ့ ရွာတွေဆိုရင်တော့ အိမ်ခြေ ၈၀/၉၀ ကနေ ၁၀၀ ကျော်၊ ၁၇၀/၁၈၀ အဲလောက်ထိ ရှိတတ်ကြတယ်။ လူသေဆုံးတာ တွေတော့ ဘုန်းဘုန်းတို့သွားတဲ့ နေရာတွေမှာ မတွေ့ရဘူး။

ရေကြီးနေတဲ့ ရက်တွေမှာတော့ အသက်အရွယ်ကြီးလို့သော်လည်းကောင်း၊ သူ့ရောဂါနဲ့ သော်လည်းကောင်း သေကြတာတွေတော့ ရှိတယ်။ အဲဒါမျိုးတွေမှာ သူတို့ ဘာခက်ခဲလဲဆိုရင် မြေကြီးမရှိလို့ မြှုပ်ဖို့၊ မီးသင်္ဂြိုဟ်ဖို့ အဆင်မပြေတော့ ရေထဲချတယ်။ ဟိုနေရာပေါ် ဒီနေရာပေါ် အဲဒီအခက်အခဲတွေ ကြားရတယ်။

♦️ဧရာဝတီတိုင်းမ် ။ ။ သူတို့တွေရဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိတယ်လို့ ကြားသိရပြီး ဘာအကူအညီတွေ လိုအပ်နေပါသလဲ။ အရေးပေါ် လိုအပ်ချက်က ဘာတွေဖြစ်မလဲဘုရား။

ဆရာတော် ။ ။ လက်ရှိ အခြေအနေကတော့ ဇလွန်၊ အင်္ဂပူ၊ လေးမျက်နှာ နယ်တွေမှာ ရေတွေက စကျလာပြီ။ တချို့ရွာတွေတော့ အိမ်အဆင့်တွေ လွတ်ကုန်ပြီ၊ တချို့အရမ်းနိမ့်တဲ့ ရွာတွေမှာတော့ အိမ်အဆင့်တွေ မလွတ်သေးဘူး။ ဆိုတော့ အကူအညီတွေက ဘာလိုသလဲဆိုရင် အဓိကတော့ စားရေး သောက်ရေးပါပဲ။

နေထိုင်ရေးကတော့ တောသူတောင်သား ဖြစ်တဲ့အတွက် သူတို့ဖြစ်အောင် နေကြပါတယ်။ လုံးဝနေစရာ မရှိတဲ့သူတွေကတော့ စာသင်ကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့ပေါ့။ အဓိကကတော့ ဘုန်းကြီးကျောင်း တွေမှာ သွားပြီးနေကြပါတယ်။ အကူအညီတွေက ဘာလိုအပ်လဲဆိုတော့ အဓိကကတော့ စားဖို့ သောက်ဖို့ လိုအပ်ပါတယ်။

♦️ဧရာဝတီတိုင်းမ် ။ ။ ဆရာတော်အနေနဲ့ ဘယ်လိုကူညီနေမှုတွေ ဆောင်ရွက်ပေးနေပြီး ခက်ခဲ ကြုံတွေ့မှုတွေကရော ဘယ်လိုရှိနေပါသလဲ။

ဆရာတော် ။ ။ အကူအညီတွေကတော့ ဘုန်းဘုန်းတို့က အဓိကက စားနပ်ရိက္ခာ လှူဒါန်းပေးတာပေါ့။ ဘုန်းဘုန်း ဒကာမတွေက အဝတ်အစားတွေလည်း လှူဒါန်းပေးတယ်။ ဆိုတော့ စားနပ်ရိက္ခာရယ်၊ အဝတ်အစားရယ် လှူဒါန်းပေးတယ်။ အခက်အခဲကတော့ မိုးတွေက တအားရွာတော့ သွားရေး လာရေးတွေ တအားခက်ခဲတယ်။

နောက်ပြီး စားနပ်ရိက္ခာဆိုလည်း မိုးမစိုအောင် လုပ်ရတဲ့ အပိုင်းလေးတွေ တအားခက်ခဲတယ်။ နောက်ပြီး ဘေးဒုက္ခကို အခွင့်ရေးယူပြီး လိမ်လည်ကြတဲ့ လူလိမ်တွေကြောင့် ဘုန်းဘုန်းတို့မှာ အခက်အခဲကလည်း တော်တော်များပါတယ်။

♦️ဧရာဝတီတိုင်းမ် ။ ။ လက်ရှိ ရေဘေးက အရင်နှစ်တွေထက် ဘယ်လိုအခြေအနေ ရှိနေပြီး ဘယ်တော့လောက်မှ ရေပြန်ကျနိုင်မယ်လို့ မြင်မိပါသလဲ။ ဘယ်လိုတွေများ လုပ်ဆောင်သင့် ပါသလဲဘုရား။

ဆရာတော် ။ ။ လက်ရှိရေဘေး ကြုံရတဲ့ အတိုင်းအတာက လွန်ခဲ့တဲ့ ၂၀၁၅ က တစ်ခါဖြစ်ဖူးတယ်။ အခု ၉ နှစ် (၂၀၂၄) မှာ တစ်ကြိမ်ပြန်ဖြစ်တာပေါ့။ ဘယ်လိုဟာတွေ ပိုဆိုးသလဲဆိုရင် ၂၀၁၅ ရဲ့ ဟိုဖက်မှာ ရေက မကြာမကြာ ကြီးတတ်တယ်။ ဥပမာ- ၃ နှစ်တစ်ကြိမ်တို့၊ ၄ နှစ်တစ်ကြိမ်တို့ အဲဒီလို ရေကြီးတတ်တယ်။

ဒီလောက်ကြီး မဟုတ်တောင်မှ ဒီလောက်နီးပါးပေါ့လေ။ တချို့ရွာတွေမှာ ဆိုရင်တော့ ၂၀၁၅ တုန်းက ဒီထက်တောင် ပိုဆိုးသေးတယ်လို့ ပြောတဲ့ရွာတွေလည်း ကြားရတယ်။ ဒါကတော့ ရေဝင်တဲ့ဘက် အနေအထားပေါ် မူတည်မှာပေါ့။ ဆိုတော့ ကွာခြားမှုကတော့ အဲဒါပါပဲ။ ကြုံရတဲ့ အခက်အခဲက မတူဘူးပေါ့။ အရင်ကတော့ ၃ နှစ်တစ်ကြိမ်၊ ၄ နှစ်တစ်ကြိမ် ကြီးတတ်တော့ ပြင်ပြင်ဆင်ဆင် ရှိကြတယ်။ ဒီတစ်ခေါက်ကတော့ မပြင်မဆင်ဘဲ နေကြတဲ့အခါကျတော့ တော်တော်လေးကို ဒုက္ခရောက်ကြတယ်။ အဲဒါကတော့ ကွာခြားမှုပေါ့။

♦️ ဧရာဝတီတိုင်းမ် ။ ။ ဟုတ်ကဲ့၊ မေးတဲ့အထဲ ပြောလိုတာများ ကျန်ရှိခဲ့ပါက ဖြည့်စွက် မိန့်ကြားပေးပါ ဘုရား။

ဆရာတော် ။ ။ ဘုန်းဘုန်းတို့ ဒီဘက်တွေမှာက အဓိက ရေဘေးကြုံရတာက ဇလွန်၊ အင်္ဂပူ၊ လေးမျက်နှာ တို့ပေါ့။ အဲဒီမှာတော့ အင်္ဂပူနယ်ရဲ့ တောင်နဲ့နီးတဲ့ တခြမ်းကတော့ တောက်ကျရေ ဆင်းတဲ့ဒဏ်နဲ့ မိုးရေဒဏ် ခံရတယ်ပေါ့။ တောင်ကျရေဆိုတော့ သိတဲ့အတိုင်းပဲ၊ အုန်းကနဲ ဒုန်းကနဲ ဝင်သွားတာဆိုတော့ ရက်ပိုင်းလေးတော့ သူတို့တွေ ဒုက္ခရောက်ခဲ့ကြတယ်။

တောင်ကျရေ ဆင်းတဲ့ရွာတွေမှာ လမ်းပေါ်ရေကျော်၊ တံတားပေါ် ရေကျော်ပြီး ရေတပြင်လုံး ခဏတော့ ဖြစ်သွားတယ်။ အခုတောင်ကျရေက လျှံနေသေးပေမယ့် ရွာပေါ်တွေဘာတွေတော့ မရှိတော့ဘူး။ ဆိုတော့ သူတို့က နည်းနည်းအဆင်ပြေသွားပြီ။ မြစ်ရေကြီးတဲ့ ဘက်ကတော့ အခုထိ မြစ်ရေက ကျန်နေသေးတော့ နောက်ဆက်တွဲ အခက်အခဲတွေတော့ သူတို့မှာရှိတယ်။

မြစ်ရေက တချို့ရွာတွေ ဆိုလို့ရှိရင် အိမ်အဆင့် လွတ်သွားပြီ၊ ကျသွားပြီ။ ဒါပေမယ့် ဘာဖြစ်လည်း ဆိုတော့ သွားရေးလာရေး တအားခက်ခဲသွားတယ်။ အရင်တုန်းက ရေတက်နေတော့ စားရေး သောက်ရေးနဲ့ နေထိုင်ရေးတော့ ခက်ခဲတယ်၊ ဒါပေမယ့် သွားရေးလာရေး အဆင်ပြေတယ်။ လှူရဒါန်းရတဲ့ သူတွေလည်း အဆင်ပြေတယ်။ မော်တော်နဲ့ သွားသွား၊ ဘာသွားသွားပေါ့။

အခုကျတော့ ဘာအခက်အခဲ ဖြစ်သွားလဲဆိုတော့ တစ်နေရာနဲ့ တစ်နေရာသွားရင် စက်လှေက သွားလို့မရတော့တာတို့၊ တန်ဆင်းပေါ် တင်သွားတာတို့ အဲလိုမျိုးဆိုတော့ ဆန်အိတ်တွေ တဆင့်ဆင့် သယ်ရတဲ့၊ လှူရဒါန်းရတဲ့ အနေအထားမျိုးတွေမှာ ခက်ခဲသွားတယ်။

♦️ ဧရာဝတီတိုင်းမ် ။ ။ ဟုတ်ကဲ့ အခုလိုအချိန်ပေး ဖြေကြားမိန့်ကြားပေးတဲ့အတွက် ဆရာတော်ကို ကျေးဇူးတင်ပါတယ်။

ဆရာတော် ။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်

#ဧရာ၀တီတိုင်း #ရေဘေး #ပရဟိတလုပ်ငန်းများ #ဆရာတော်တစ်ပါး #ဆက်သွယ်မေးမြန်းခြင်း #အင်တာဗျူး #Ayeyarwaddy_Times