
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်
ဧရာဝတီတိုင်း၊ ကြံခင်းမြို့ ရှိရေဘေးသင့်ရပ်ကွက်ဒေသခံများထံသို့စစ်ကောင်စီတပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်းထောက်ပံ့စရိတ်အကြောင်းပြကာ ငွေကြေးပြန်လည်ကောက်ခံနေကြောင်း ဒေသခံများထံကသိရသည်။
ကြံခင်းမြို့ ရေဘေးသင့်ရပ်ကွက်များဖြစ်သော မြို့မရပ်ကွက်၊ရွာသစ်ရပ်ကွက် နှင့်ရွှေတောင် စုရပ်ကွက်တို့တွင် ယမန်နေ့ဇူလိုင်လ ၃၁ရက်နေ့က ရပ်ကွက်ဒေသခံများအား အလှုရှင်များမှရေဘေးပစ္စည်းများလာရောက်လှူဒါန်းနေစဉ်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှစစ်မှုထမ်းထောက်ပံ့စရိတ် ကောက်ခံခဲ့ခြင်းဖြစ်သည်။
“ မနေ့က ရေဘေးသင့်အတွက် အလှူရှင်တွေလာလှူနေတုန်း ရပ်ကွက်အုပ်ကြီးနဲ့ စာရေး နှစ်ယောက်ရောက်လာပြီးတော့ အတင်းငွေလာကောက်သွားတယ်။ တစ်အိမ်ကို တစ်ထောင်အနည်းဆုံးကောက်သွားတာ။ တချို့အိမ်ထောင်စုတွေဆို ငါးထောင်လောက်တောင်းခံရတာပါရှိတယ်။ စစ်မှုထမ်းထောက်ပံ့စရိတ်ဆိုပြီးတော့အတင်းလိုက်ကောက်နေတာ”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ရွှေတောင်စုရပ်ကွက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ငွေကြေးကောက်ခံမှုကို ပေးဆောင်နိုင်ခြင်းမရှိသည့်ဒေသခံများအား ရေဘေးအလှူပစ္စည်းများအားစစ်ကောင်စီတပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ပြန်လည်သိမ်းဆည်းသွားခဲ့ကာ စစ်မှုထမ်းစာရင်းပါဝင်ခြင်းမရှိသေးသည့် မိသားစုဝင်လူငယ်များကိုလည်း စာရင်းကောက်ယူမှုများရှိခဲ့ကြောင်း ရပ်ကွက်ဒေသခံများထံကသိရသည်။
“ ငွေမပေးနိုင်တဲ့သူတွေ ရေဘေးလှူတဲ့ပစ္စည်းတွေပါ ပြန်သိမ်းခံရတယ်။ ကျွန်မလည်းငွေမပေးနိုင်ဘူးပြောလိုက်တာ အိမ်ကိုလာလှူတဲ့ ပစ္စည်းတွေအကုန်ပြန်သိမ်းသွားတယ်။ တကယ့်ကိုယုတ်မာကြတဲ့သူတွေ။ ရေဘေးဒုက္ခကတမျိုး၊ အုပ်ချုပ်ရေးမှူးလုပ်တဲ့သူတွေရဲ့ဒုက္ခပေးတာကတမျိုး အကုန်လိမ့်ခံနေရတယ်”ဟုရေဘေးသင့်ကြုံနေသော ရွာသစ်ရပ်ကွက်ဒေသခံ အမျိုးသမီးတစ်ဦးကဆိုသည်။
အလားတူပြီးခဲ့သည့် ဇူလိုင်လ(၃၀)ရက်နေ့ကလည်း ကြံခင်းမြို့နယ် ဧရာဝတီမြစ်ရေဝင် ရောက်မှုကြောင့် ရေဘေးသင့်ကြုံတွေ့ရသော ကရင်စု၊ ရေလယ်ကျွန်း၊ သောကြာဒူး၊အလယ်ကျွန်း၊ကျွန်းကြီးနှင့်ကျောက်စရစ်ကုန်း စသည့်ကျေးရွာများ၌ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ ရေဘေးသင့်ဒေသခံများထံသို့ စစ်မှုထမ်းထောက်ပံ့စရိတ်ဟုဆိုကာ တစ်အိမ်ထောင်စုလျှင်တစ်ထေဍးးကျပ်ကြား ကောက်ခံမှုရှိခဲ့ကြောင်းကျေးရွာဒေသခံများ၏ပြောဆိုချက်အရသိရသည်။
ဓာတ်ပုံ-စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန(MOI)
#ကြံခင်း #စစ်ကောင်စီ #ရပ်ကွက်
အုပ်ချုပ်ရေးအဖွဲ့ရေဘေးသင့်ဒေသခံများ #စစ်မှုထမ်းထောက်ပံ့ငွေကောက်ခံ #Ayeyarwaddy_Times