
ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ ဩဂုတ် ၁ ရက်
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဇီးဒိုင်းကျေးရွာ အုပ်စု၊ အိုးကုန်းကြီး လေးအိမ်စုရွာရှိ တပ်ပြေး အမျိုးသားတစ်ဦးကို ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့တွင် စစ်ကောင်စီက လာရောက်ဖမ်းဆီးစဉ် မရှိသည့်အတွက် ဇနီးဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်ကောင်စီက လာရောက်ဖမ်းဆီးသည့် ကိုကျော်လင်းထွန်းမှာ နေအိမ်တွင်မရှိဘဲ သေနတ်နှစ်လက်ကို တွေ့ရှိခဲ့၍ အိမ်တွင်ရှိနေသည့် ကိုကျော်လင်းထွန်း၏ ဇနီးဖြစ်သူ မဝင်းခိုင်ကို ဖမ်းဆီးခေါ်ဆောင်ကာ အနီးရှိ လူငယ် ယောကျာ်းလေးနှစ်ဦးကိုပါ ဓာတ်ပုံရိုက်ယူသွားကြောင်း သိရသည်။
“ကြားထားရသလောက်တော့ တပ်ပြေးလို့ပဲ သိထားရတယ်။ ကျွန်တော်တို့ PDF ကမဟုတ်ဘူး။ ဒီဘက်ကိုရောက်လာပြီး တပ်ပြေးဖြစ်ပြီးမှ နယ်မြေခံတပ်တွေနဲ့ တော်လှန်ရေးကို ဆက်လုပ်နေလား ဆိုတာတော့မသိဘူး။ သိမ်းဆည်းရမိသွားတဲ့ လက်နက်ကလည်း ဘယ်သူ့ဟာလည်းဆိုတာ မရှင်းလင်းဘူးဖြစ်နေတယ်” ဟု တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကိုကျော်လင်းထွန်းသည် တပ်မှပြေးခဲ့သည်မှာ ဆယ်နှစ် ကျော်ကြာပြီဖြစ်ပြီး PDF(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်) ဟု သတင်းရသည့်အတွက် အိမ်စီးကား နှစ် စီးဖြင့် ၎င်း၏ နေအိမ်တွင်လာရောက်ဖမ်းဆီးခြင်းဖြစ်သည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်တောင်းမြစ်ဝှမ်းဒေသ
တစ်လျှောက်ရှိ ဒေသခံများကို အကြောင်းမဲ့ဖမ်းဆီးကာ ငွေညှစ်ခြင်း ၊ သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိပြီး စစ်မှုထမ်းဥပဒေ ထွက်ရှိပြီးနောက်ပိုင်းတွင် ပိုမိုဆိုးရွားစွာလုပ်ဆောင်လာကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ ဇူလိုင် ၃၁ ရက်နေ့ညကလည်း စစ်တောင်းမြစ်ဝှမ်းဒေသရှိ မုန်းမြို့ မှ ငါးပိုက်ချနေသည့် အသက် (၆၀) ဝန်းကျင်ရှိ ဦးမူဆာကို မုန်းမြို့နယ် အင်းရှည်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့မှ အကြောင်းမဲ့ သေနတ်ဖြင့်ပစ်သတ်ခဲ့ရာ ရင်ဘတ်ထိမှန်၍ လှေပေါ်တွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#တောင်ငူ #စစ်ကောင်စီ #ဒေသခံအမျိုးသမီး #ဖမ်းဆီးခံရ #တပ်ပြေး #Ayeyarwaddy_Times