
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ စကခ-၂၁ (မပခ)၊ ခမရ-၃၄၈၊ ခလရ ၂၂၃၊ ၂၇၆ ဗျူဟာမှူးကြီး အခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၃၁ ရက်နေ့ နေ့လယ် ၁ နာရီတွင် တအာင်းတပ်မတော် (PSLF/TNLA) က အလုံးစုံ ဝင်ရောက်ရှင်းလင်း သိမ်း ပိုက်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
TNLA သည် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း မိုးမိတ်မြို့နယ်ရှိ တပ်စခန်းများကို ဇွန်လ ၂၇ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး သီတင်းပတ် ၄ ပတ်အကြာ ဇူလိုင် ၃၁ ရက်နေ့ နေ့လယ် ၁ နာရီတွင် စစ်ကောင်စီတပ်စခန်းများအားလုံးကို ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြသည့် ၃၄၈ ဗျူဟာကုန်း၊ ခလရ (၂၂၃)စခန်း၊ ၊ခလရ (၂၆၇) စခန်း၊ ခမရ(၃၄၈) စခန်း ကင်းချောင်းစခန်း၊ ရွှေသာယာတပ်စခန်း၊ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်း၊ လယ်ကြီးစခန်း၊ သရက်တောစခန်း၊ မိုင်တိုင် (၆)တပ်စခန်း၊ ပလက်တီနန်၊ ဗိမာန်ကျောင်းနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများကို အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု TNLA က ဆိုသည်။
မိုးမိတ်မြို့သည် စစ်ကောင်စီ စကခ-၂၁ လက် အောက်ခံတပ်ဖြစ်သည့် ခလရ-၂၂၃၊ ၂၇၆ နှင့် ခမရ -၃၄၈ တို့ လာရောက်ထိုးစစ်ဆင်စခန်းချသည့် မြို့လည်း ဖြစ်သည်။
စစ်ကောင်စီ၏ တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၂၉) ကြိမ်၊ Y12 လေယာဥ် ၃၈ ကြိမ်၊ Y12 ဖြင့် လက်နက်ခဲယမ်းများ ကြဲချမှု (၁၄) ကြိမ်၊ လက်နက်ကြီးဖြင့် (၂၂၁) ကြိမ်၊ ပေါင် ၅၀၀ ဗုံး တစ်လုံးနှင့် အတွဲလိုက်ဒုံး ၁၈ လုံး အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝှစ်ဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ ၂၅၀ လက်၊ 120 MM တစ်လက်၊ 60 MM ၁၉ လက်၊ 81 MM ကိုးလက်၊ ပွိုင့်ဖိုက် သုံးလက်၊ RPG ၁၆ လက်၊ ဂျမ်းပါ နှစ်စုံ၊ စိန်ပြောင်းနောက်ပွင့် နှစ်လက်၊ လေယာဉ်ပစ်လက်နက် တစ်လက်၊ ပစ္စတို သုံးလက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့သည်။
မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ ၄၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း တအာင်းတပ်မတော် (PSLF/ TNLA) နှင့် ပူးပေါင်းတပ်ဖွဲ့က နောင်ချိုမြို့နှင့် မိုးကုတ်မြို့တို့ကို သိမ်းပိုက်ခဲ့ပြီး၊ တတိယ သိမ်းပိုက်ရရှိသည့် မြို့အဖြစ် မိုးမိတ်မြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်။
ဓာတ်ပုံ- TNLA
#ရှမ်းမြောက် #မိုးမိတ် #စစ်ကောင်စီ #တပ်စခန်း #လက်နက် #ခဲယမ်း #သိမ်းဆည်း #ရရှိ #TNLA #ထုတ်ပြန်
#Ayeyarwaddy_Times