
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်
မြန်မာနိုင်ငံသူ နိုင်ငံသားများ အနေဖြင့် ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်ကို ဇူလိုင်လတစ်လုံး ခံစားခဲ့ရပြီး ဆက်လက်၍ မြို့ကြီးအချို့တွင်ရေလွှမ်းမိုးမှုရှိနေဆဲဖြစ်သည်။ တစ်ဖက်တွင်လည်း မန္တလေးနှင့် ရှမ်း ပြည်နယ် (မြောက်ပိုင်း) ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ပြင်းထန်နေပြီး လားရှိုးမြို့ကို သိမ်းနိုင်သည့် အထိအရှိန်မြင့်နေသည်။
ရေဘေး၊ စစ်ဘေးကြားတွင် ကုန်ဈေးနှုန်းအခြေအနေကလည်းလိုက်ပါတိုးတက်နေသည်။ နိုင်ငံခြား ငွေလဲနှုန်းထားများအပါအဝင် အကယ်ဒမီအခေါက်ရွှေဈေးနှင့် အထွေထွေကုန်ဈေးနှုန်းက ဂရပ်မျဉ်းလို ထောင်တက်နေသည်။
ဇူလလိုင်ကုန်ပိုင်းမှစ၍ ယခု ၃ ရက် အတွင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် စက်သုံးဆီ ပြတ်လပ်မှု နှင့် ကြုံတွေ့နေရသည်။
ယခု ဩဂုတ်လကုန်တွင် စစ်ကောင်စီ၏ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများကို ထောက်ပံ့ကြေး ကျပ်သုံးသောင်း(၃၀,၀၀၀) တိုးမြှင့် ပေးမည်ဟု စစ်ကောင်စီက ဇူလိုင် ၂၇ ရက်နေ့တွင်ထုတ်ပြန်သည်။
#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း
မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုမြင့်တက်လာပြီး ငွေကြေးနှုန်းထားမတည်ငြိမ်မှုများကြောင့် ဇူလိုင်လ တစ်လအတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်ငွေ ၁၀၀၀ ကျပ်နီးပါးဈေးမြင့်လာကြောင်းသိရသည်။
ဇူလိုင် ၁ ရက်နေ့တွင် ကန်တစ်ဒေါ်လာလျှင် ကျပ် ၄၆၀၀ ကျပ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ကျပ် ၅၄၀၀ ကျပ်ဖြစ်ပြီး ယနေ့ ဩဂုတ် ၁ ရက်နေ့တွင် ကန်တစ်ဒေါ်လာ ၅၆၀၀ မှ ၅၇၀၀ ကြားရှိနေကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။
အမေရိကန် တစ်ဒေါ်လာကို အရောင်းဈေး ကျပ် ၅၄၅၀ နှင့် အဝယ်ဈေး ၅၆၀၀ ဖြစ်ကြောင်း ငွေလဲလုပ်သူများထံက သိရသည်။
“ ဒေါ်လာကရှားနေတယ်။ လိုချင်တဲ့သူကရှိတယ်။ ဒီနေ့တော့ အရောင်းအဝယ်အေးတယ်။ ဈေးကွက် သဘော စောင့်ကြည့်နေတဲ့အနေအထားရှိတယ်။ ဒေါ်လာအဝင်မရှိတော့ ဈေးဆက်တက်ဦးမှာ” ဟု ငွေလွဲလုပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သည် ဇူလိုင်လအတွင်းက နိုင်ငံခြားငွေကို သုံးကြိမ်ခန့် ရောင်းချပေးခဲ့ပြီး ဩဂုတ် ၁ ရက်နေတွင် (AD) လိုင်စင်ရဘဏ်များ Fx Trading Platform မှတစ်ဆင့် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများ၊ ဆေးဝါးနှင့် ဆေးဝါးနှင့်ဆက်စပ်သော ပစ္စည်းများတင်သွင်းသည့် ကုမ္ပဏီများနှင့် ဓာတ်မြေဩဇာတင်သွင်းသည့်ကုမ္ပဏီများထံ ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ၉ သန်းတို့ကို ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ထို့ သို့ဗဟိုဘဏ်က ထုတ်ရောင်းပေးမည်ဟု ကြေညာသည့်နေ့တွင်ပင် နိုင်ငံခြားငွေလဲနှုန်းထားပိုတက်ကြောင်း ငွေလဲလုပ်သူများထံမှ သိရသည်။ အမေရိကန်ဒေါ်လာဈေးမြင့်တက်မှုနှင့်အတူ တရုတ်ယွမ်၊ ထိုင်းဘတ် ဈေးတို့လည်းမြင့်တက်ကာ မြန်မာငွေဖောင်းပွမှုမြင့်တက်လာကာ ကျပ်ငွေတန်ဖိုးပိုမိုကျဆင်းလာပြီ ဖြစ်သည်။
တရုတ်ယွမ်ဈေးနှုန်းသည်တစ်လအတွင်း ကျပ် ၇၀ ခန့်မြင့်လာရာ ထိုင်းတစ်ဘတ်လျှင် ဇူလိုင် ၁ ရက်နေ့တွင် တစ်ယွမ်ကို ၆၄၅ ကျပ်၊ ဇူလိုင် ၁၇ ရက်နေ့တွင် ၆၇၁ ကျပ်နှင့် ဩဂုတ် ၁ ရက်နေ့တွင် ၇၁၅ ကျပ်အထိ ဈေးမြင့်လာသည်။
ထိုင်းဘတ်ဈေးနှုန်းသည် တစ်လအတွင်း ၂၉ ကျပ်မြင့်တက်လာရာ ထိုင်းတစ်ဘတ်လျှင် ဇူလိုင် ၁ ရက်နေ့တွင် ၁၂၁ ကျပ်၊ ဇူလိုင် ၁၇ ရက်နေ့တွင် ၁၃၃ ကျပ်နှင့် ဩဂုတ် ၁ ရက်နေ့တွင် ၁၅၀ ထိမြင့်တက်လာ ကြောင်းသိဈေးကွက်အတွင်းက စုံစမ်းသိရသည်။
#ပြည်တွင်းရွှေဈေးနှုန်း
ပြည်တွင်းရွှေဈေးနှုန်းသည် ကမ္ဘာ့ဒေါ်လာဈေးနှင့် ရွှေဈေးမြင့်တက်နေချိန်တွင် ပြည်တွင်း စစ်ပွဲအရှိန်များကြောင့် ပြည်တွင်း ဈေးနှုန်းပိုမိုမြင့်လာနေသည်။ စစ်ကောင်စီသတ်မှတ်ရွှေဈေးအတိုင်း ရောင်းချ နိုင်ခြင်းမရှိသဖြင့် အကယ်ဒမီအခေါက်အတုံး ရွှေဈေးကွက်သည် ပြင်ပအရောင်းအဝယ်သာရှိသည်။
လက်ရှိတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၆၈ သိန်းမှ ကျပ် ၆၇ သိန်းနီးပါး ပြန်လည်ကျဆင်းလာာသော်လည်း ယခုတစ်လအတွင်းရွှေဈေး ၆ သိန်းကျော် ဈေးတက်လာသည်။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေးမှာမူ အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သား ကျပ် ၄၇ သိန်းနီးပါသတ်မှတ်ထားပြီး ယင်းဈေးအတိုင်း ရွှေဆိုင်များ အရောင်းအဝယ် ပြုရန်ထုတ်ပြန်ထားသည်။
“ ပြီးခဲ့တဲ့အပတ်လောက်က ရွှေဆိုင်တွေမှာ အခေါက်ရွှေပြန်ဝယ်လို့ရတယ်။ အတုံးတော့မဟုတ်ဘူး။ အခေါက်နဲ့လုပ်ထားတဲ့ ဆွဲကြိုးတို့၊ လက်ပတ်တို့ပေါ့။ အဲဒီတုန်းက ရွှေကို တစ်ကျပ်သား သိန်း ၆၀ ယူတာ။ အခုတော့ပိုတက်နေတာပေါ့ ” ရွှေဝယ်စုသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
#ပြည်တွင်းစက်သုံးဆီဈေးနှုန်း
စစ်ကောင်စီက ပြည်တွင်းစက်သုံးဈေးကိုထိန်းချုပ်ထားရာတွင် ဓာတ်ဆီနှင့်ဒီဇယ်ကို အလှည့်ကျဈေး ကစားလေ့ရှိသည်။ ယခုနှစ်ပတ်အတွင်းတစ်ပတ်ဈေးတက်ပြီး ဇူလိုင်နောက်ဆုံး ပတ်တွင်ဈေးကျသည်။
ယခုသီတင်းနှစ်ပတ်အတွင်းဓာတ်ဆီဈေး အနည်းငယ်တတ်ပြီး ဓာတ်ဆီဈေး ၇၀ ကျပ်ခန့်ကျပြီး ဒီဇယ်ဈေး ၁၂၀ ကျပ်ခန့်ဈေးကျကြောင်းသိရသည်။
စက်သုံးဆီဈေးကျနေသော်လည်း ဆီလုံလောက်စွာဝယ်ယူရမရကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောကြား သည်။
ဇူလိုင် ၁၇ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၇၀၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၈၂၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၈၉၀ ကျပ် နှင့် ဒီဇယ် တစ်လီတာ ၂၄၆၅ ကျပ်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီထံက သိရသည်။
ဩဂုတ် ၁ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၆၃၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၇၅၀ ၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၇၇၀ နှင့် ဒီဇယ်တစ်လီတာ ၂၃၆၅ ကျပ်ဖြင့် စစ်ကောင်စီက ဈေးနှုန်း ထိန်းချုပ်ထားသည်။
#အခြေခံစားသောက်ကုန်ဈေးနှုန်း
အထွေထွေကုန်ဈေးနှုန်းကဆက်လက်မြင့်တက်နေကာ အိမ်ရှင်မများ၏ ညည်းတွားသံက အဆက်မပြတ် ထွက်ပေါ်နေသည်။ ပြင်းထန်စစ်ပွဲများကြား ကုန်စည်စီးဆင်းမှုအခက်အခဲများ၊ မြို့ကြီးများ ရေကြီးရေလျှံမှုကြောင့် ကုန်စည်စီးဆင်းမှုအခက်အခဲများကြားတွင် ကုန်ဈေးက တစ်ရှိန်ထိုး တိုးတက်နေသည်။
မိသားစုလေးဦးရှိသော အိမ်ထောင်စုတစ်စုတွင် အသားငါးနှင့် ဟင်းသီး ဟင်းရွက်ပါဝင်သည့် စားစရိတ်က တစ်ပတ်ကို ကျပ် ငါးသောင်းမှ ခုနစ်သောင်းကြား ကုန်ကျစရိတ်ရှိနေသည်။ တစ်ရက် တစ်သောင်းနှုန်းဖြင့် ဆန်၊ဆီ၊ဆားအစ ဟင်းချက်စရာအဆုံးဝယ်ယူရန် မလွယ်ကြောင်းသိရသည်။
စစ်ကောင်စီအာဏာသိမ်းမှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာရာ တွင် တစ်နေ့လုပ်တစ်နေ့စား လူတန်းစားများအတွက် တစ်ရက်လုပ်ခ အနိမ့်ဆုံးကျပ် ၁၂၀၀၀ ဖြင့်ပင် စားဝတ်နေရေး ဖြေရှင်းရန်မလွယ်ကူတော့ပေ။
အခြေခံစားသောက်ကုန်ပစ္စည်းတွင် ယခုတစ်ပတ်၌ အာလူးဈေးထပ်မြင့်တက်သွားသည်။ ယခင် တစ်ပတ်က တစ်ပိဿာ ကျပ် ၅၀၀၀ မှ ယခုတစ်ပတ်တွင် ကျပ် ၆၀၀၀ ရှိကြောင်း ဈေးကွက်အတွင်းကသိရသည်။ ကုန်စိမ်းဟင်းသီး ဟင်းရွက်နှင့် စားဖိုဆောင်သီးနှံဈေးမြင့် တက်နေသည်။
ဆန်ဈေးကိုမူ စစ်ကောင်စီထိန်းချုပ်ထားသဖြင့် ဈေးကျသော်လည်း အရည်အသွေးမမီသောဆန်များဈေးကွက်ဝင်လာသည်။
သို့ရာတွင် အရည်အသွေးကောင်းဆန် ပြင်ပပေါက်ဈေးသပ်သပ်ရှိနေသည်။ ပြင်ပဆန်ဆိုင်အများစုက ဈေးကွက်ပေါက်ဈေးအတိုင်းပင်ရောင်းချသည်။ ယခုတစ်ပတ်အတွင်း ဆန်တစ်အိတ်ဈေး ကျပ် ၃၀၀၀ မှ ၅၀၀၀ ကြားဈေးကျသွားကြောင်းဈေးကွက်အတွင်းစုံစမ်းသိရသည်။
ရွှေဘိုအိုးဝင် တစ်အိတ် ၁၈၀,၀၀၀ ကျပ်၊ ရွှေဘိုထူးထူးရှယ် ၁၆၅,၀၀၀ ကျပ်၊ ကျားပျံ ၁၄၇,၀၀၀ ကျပ်၊ တောင်ပျံ ၁၃၉,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေး ၁၃၃,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုး ၁၁၂,၀၀၀ ကျပ်၊ ဇီယာ ကျပ် ၈၄,၀၀၀ ကျပ်ရှိကြောင်း ဆန်လက်လီလက္ကားရောင်းချသူထံက သိရသည်။
ပြည်တွင်းသုံးစွဲမှုများသော စားအုန်းဆီဈေးသည် ယခုတစ်ပတ်စစ်ကောင်စီသတ်မှတ်ချက်တွင် ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် ယခင်တစ်ပတ်ကထက် ကျပ် ၁၀၀ ကျပ်ဝန်းကျင်ဈေးနှုန်းမြင့်တက်လာသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ် ၁ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၄၈၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်သည်။
အဆိုပါဈေးနှုန်းပေါ်တွင် သယ်ဆောင်ခများထပ်ပေါင်းပြီး တစ်ပိဿာ ကျပ် ၆၀၀၀ ဖြင့် သတ်မှတ်ဆီဆိုင်များတွင်ရောင်းချသည်။ ပြင်ပပေါက်ဈေးတွင် တစ်ပိဿာ ကျပ် တစ်သောင်း နှစ်ထောင်ဈေးရှိသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအပါအဝင် စားအုန်းဆီတင် သွင်းသည့် ကုမ္ပဏီပူးပေါင်းပြီး စစ်ကောင်စီသတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချရာနေရာ များတွင် ပြည်သူများ တိုကင်ဖြင့် တန်းစီးတိုးဝယ်နေရဆဲဖြစ်သည်။
ထို့ပြင် တစ်အိမ်ထောင်လျှင် နှစ်ပိဿာနှုန်းဖြင့် စားအုံးဆီအိမ်တိုင်ရာရောက်မှာယူနိုင်ကြောင်း ယင်းအသင်းကထုတ်ပြန်သည်။
စားဖိုဆောင်သီးနှံဈေးနှုန်းများတွင် ယခုတစ်ပတ်တွင်ကြက်သွန်နီဈေးတက်သည် တစ်ပိဿာ ၂၇၀၀ ကျပ်မှ ၃၃၀၀ ကျပ်တက်သွားပြီး ကြက်သွန်ဖြူ တစ်ပိဿာ ၁၅၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်ထိဈေးတက်သွားကြောင်း ဈေးကွက်အတွင်းသိရသည်။
ထို့ပြင် သားငါးဈေးတွင်မူ ကြက်သား (CP) ဈေးသည် တစ်ပိဿာ ၁၅၀၀၀ ကျပ်မှ ၁၈၀၀ ကျပ်ကြားတွင်ငြိမ်နေပြီဖြစ်သည်။
ယင်းပြင် ဟင်းသီးဟင်းရွက်များဈေးများလည်း အမြင့်ဈေးတွင်ငြိမ်နေကာ ဟင်းသီးဟင်းရွက် ဈေးနှုန်းက တစ်ရာ၊ နှစ်ရာခန့်ဈေး အတက်အကျရှိသည်။ ခရမ်းချဉ်းသီးတစ်ပိဿာ ၅၀၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၄၀၀၀ ကျပ် ၊ ကန်စွန်းရွက်တစ်စီး ၆၀၀ ကျပ်၊ နံနံပင် ၅၀၀ ဖိုးဝယ်မှရသည်။ ခဝဲသီးတစ်ထောင့် ၆၀၀ ကျပ်၊ ဗုံလုံသီး ၆၀၀ ကျပ်၊ ဖလန်တောင်မွှေး ၆၀၀ ကျပ်၊ ချဉ်ပေါင်ရွက် တစ်စီး ၃၀၀ ကျပ် ၊ မုန့်ညှင်းစိမ်း တစ်စီး ၄၀၀ ကျပ်ဈေးရှိကြောင်းသိရသည်။
“ ဈေးတွေကအတက်ပဲ အခုလည်း ဝန်ထမ်းတွေသုံးသောင်းတိုးတာနဲ့လိုက်ပြီး ကုန်ဈေးနှုန်းတက်ဖို့ တာစူနေပြီ။ အခုတောင်ဈေးတက်နေပြီ။ လစာတိုးတာလည်းမပျော်ပါဘူး။ ကုန်ဈေးနှုန်းက လိုက်လာတော့ ပိုခံရတယ်” ဟု ရန်ကုန်မြို့ခံ စစ်ကောင်စီဝန်ထမ်းတစ်ဦးက ဆိုသည်။
(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့်ရန်ကုန်မြို့အတွင်းရှိ လက်လီစျေးကွက်နှင့် ညောင်ပင်လေး ဈေးတို့တွင် ဇူလိုင် ၁၇ ရက်နေ့မှ ဩဂုတ် ၁ နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)
#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #ဇူလိုင်၁၇မှဩဂုတ်၁ရက် #Ayeyarwaddy_Times