ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအစပ် ထီးချိုင့်မြို့နယ်တွင်ရှိသည့် တရုတ်ရင်းနှီးမြုပ်နှံထားသည့် တကောင်းနီကယ်စက်ရုံကို တော်လှန် ရေးအင်အားစုများက ပြီးခဲ့သည့် ဇူလိုင်နောက်ဆုံးပတ်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

တကောင်းနီကယ်စက်ရုံအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ချရန် တိုက်တွန်းမှုများပြုလုပ်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက် ချရန် ကမ်းလှမ်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံတည်ရှိသည့် တောင်ပေါ်လုံခြုံရေးရဲကင်းကို ဇူလိုင် ၂၅ ရက်နေ့က တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ပြီးနောက် စီမံကိန်းအတွင်းတပ်စွဲထားသည့် အင်အား ၅၀ ခန့်က လက်နက်ချရန် ကမ်းလှမ်းခဲ့ ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“၂၅ ရက်နေ့ မနက်က တောင်ပေါ်လုံခြုံရေးရဲကင်းကို စီးနင်းနိုင်ခဲ့ပြီးတော့ စက်ရုံအဝင်ပေါက်မှာ တပ်စွဲထား တဲ့ဂိတ်ကိုလည်း စီးနင်းနိုင်ခဲ့တယ်။ စက်ရုံထဲက လက်နက်ချတပ်သားတွေကိုတော့ သူတို့တောင်းဆိုတဲ့အတိုင်း သံခွန်တွေနဲ့ ပြန်လွှတ်‌ပေးလိုက်ပါပြီ။ ခုတော့စက်ရုံကိုစီးထားနိုင်ပါပြီ။ လုပ်စရာရှိတာတွေကိုတော့ တာဝန်ရှိသူတွေ ဆွေးနွေးနေကြပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးအင်အားစုများသည် တကောင်းနီကယ်စက်ရုံရှိ လက်နက် ချခဲ့ကြသည့် ရဲနှင့်စစ်ကောင်စီ တပ်သားများကို ပြန်လွှတ်ပေးခဲ့ပြီးနောက် စက်ရုံရှိ တရုတ်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆွေး နွေးမှုများ ပြုလုပ်‌နေကြောင်း သိရသည်။

ထီးချိုင့်မြို့နယ်အတွင်းရှိ တကောင်းနီကယ်စက်ရုံသည် တရုတ်ပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီက ဒေါ်လာသန်းချီ ရင်းနှီးမြုပ်နှံထားသည့် စက်ရုံဖြစ်သည်။

ပုံစာ-တကောင်းနီကယ်စက်ရုံ
#စစ်ကိုင်းမန္တလေး #ထီးချိုင့် #တကောင်းနီကယ် #စက်ရုံ #PDF #သိမ်းပိုက် #Ayeyarwaddy_Times