နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင် အခြေချတပ်စွဲ၍ ပြည်သူများကို ငွေညှစ် ဖမ်းဆီးနေသည့် စစ်ကောင်စီတပ်စခန်းအား ဝိုင်းဝန်းတိုက် ပိတ်ဆို့ခဲ့ပြီးနောက် လက်နက်ခဲယမ်း များနှင့်အတူ ပြန်လည်ထိန်းချုပ်လိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)ထံက သိရသည်။

အဆိုပါ ပုလောကုန်းကျေးရွာသည် KNU တပ်မဟာ (၄) ဘိတ်−ထားဝယ်ခရိုင်အတွင်း တည်ရှိပြီး စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းချိန်မှ စတင်၍ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့၊ ပျူစောထီးများနှင့်အတူ ကျေးရွာအတွင်း အခြေချတပ်စွဲကာ ပြည်သူများကို ရန်ပြုနေခဲ့ကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက ဆိုသည်။

“ကျွန်တော်တို့ဘက်က ဝိုင်းပတ်ပိတ်ဆို့ ဖြစ်လိုက်တယ်။ နောက်ပြီး မိုးကလဲ ဆက်တိုက်ရွာလို့ ရေက ကြီးနေတော့ သူတို့ ဘယ်လိုမှ လွတ်လမ်းမရှိဘူး။ ထွက်ပေါက်တွေ အကုန်ပိတ်ကုန်တော့ စခန်း လက်လွတ်ပြေးသွားတယ်။ လက်ရှိ ကျွန်တော်တို့ ပြန်ပြီးတော့ ထိန်းချုပ်နိုင်တယ် ဆိုပေမယ့် အချိန် မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တယ်လို့တော့ သိရတယ်” ဟု ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့များသည် အဆိုပါရွာအတွင်း အခြေချ တပ်စွဲပြီးနောက် ဂိတ်များထားကာ ပြည်သူများကို ငွေညစ်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခြင်းများ မကြာခဏပြုလုပ်ပြီး ပြည်သူ့စစ်များ ဖွဲ့စည်း၍ လမ်းသွားလမ်းလာ ပြည်သူများကိုလည်း အနှောင့်အယှက် များစွာ ပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၇)၊ တပ်ခွဲ (၅) တပ်ဖွဲ့ဝင်များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၎င်းတို့အတွက် အဓိကကျသော လက်နက်ရိက္ခာ လမ်းကြောင်းများကို ပိတ်ဆို့တားဆီးနိုင်ခဲ့ရာ ဇူလိုင် ၂၉ ရက်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်အဖွဲ့များ စခန့်စွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၇)၊ တပ်ခွဲ (၅) တပ်ဖွဲ့ဝင်များက နယ်မြေဝင်ရောက်၍ ပြန်လည်ထိန်းချုပ်လိုက်ပြီး ရှင်းလင်းရေး လုပ်ဆောင်နေစဉ် လက်နက်ခဲယမ်း များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNU ၏ ယနေ့ ဇူလိုင် ၃၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – KNU
ပုံစာ – ပုလောကုန်ရွာအတွင်း နယ်မြေရှင်းလင်းစဉ် သိမ်းဆည်းရမိ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ။
#ပုလောမြို့ #စစ်ကောင်စီတပ်စခန်း #KNU #လက်နက်ခဲယမ်းများ #ပြန်လည်ထိန်းချုပ် #Ayeyarwaddy_Times