မြရာ၊ နိုရာ/ဧရာ၀တီတိုင်းမ်
ဇူလိုင် ၃၁ ရက်

ယနေ့ ဇူလိုင် ၃၁ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အာဏာ သက်တမ်းတိုးမှု ၆ လပြည့်မြောက်ပြန်ပြီ ဖြစ်ရာ စာရွက်တစ်ရွက်တည်းဖြင့် ယာယီသမ္မတရာထူးကို လွှဲပြောင်းရယူထားသည့် စစ်ခေါင်းဆောင် အနေဖြင့် ကာလုံခေါ်ရန် သတ်မှတ် ရာထူးများ ပြည့်မီခြင်း မရှိတော့သည့် အတွက် အာဏာသက်တမ်းတိုးမှုကို မည်သို့ လုပ်ဆောင်မည် ဆိုသည်ကို နိုင်ငံတကာ အပါအဝင် အများပြည်သူက စောင့်ကြည့်နေကြသည်။

ယာယီသမ္မတရုံး၏ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး (ကာလုံ) ဆိုင်ရာ ကိစ္စရပ်များကို စီစဉ်ဆောင်ရွက်ရန် အတွက် ဟူသည့် ခေါင်းစဉ်ဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတရာထူးကို ရယူလိုက်သည်။

သမ္မတ ဖြစ်ရန် ကာလုံ အစည်းအဝေးလည်းမလို၊ မဲခွဲဆုံးဖြတ်ချက်များလည်းမပါ၊ ပြည်သူ၏ သဘောတူညီမှု ဆန္ဒကို စိုးစဉ်းမျှ မကောက်ယူဘဲ ၎င်းကိုယ်တိုင် စီစဉ် ခန့်အပ်ထားသည့် ယာယီသမ္မတရုံးမှ ပေးပို့စာ တစ်စောင်တည်းဖြင့် သမ္မတ ရာထူးကို ရယူလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့ ညပိုင်း စစ်ကောင်စီ လက်အောက်ခံ ရုပ်သံ သတင်းဌာန များကနေ၍ ယာယီသမ္မတ တာဝန် ဝတ္တရားများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌထံ လွှဲအပ်သည် ဟုဆိုကာ သတင်း ထုတ်ပြန်သည်။

ကာလုံ ဆိုင်ရာကိစ္စများကို ဆောင်ရွက်ရန် စစ်ခေါင်းဆောင် ကိုယ်တိုင် အာဏာ သိမ်းပြီးနောက် ခန့်အပ်ထားခဲ့သည့် ယာယီ သမ္မတ ဦးမြင့်ဆွေမှာ နာမကျန်း၍ တာဝန်ဝတ္တရားများ ဆောင်ရွက်ရန် ပျက်ကွက်နေစဉ်နှင့် ယာယီသမ္မတ တာဝန် လစ်ဟင်းနေစဉ် ကာလတို့တွင် စစ်ကောင်စီ ဥက္ကဋ္ဌထံ သမ္မတရာထူး လွှဲအပ်ကြောင်း သမ္မတရုံးမှ ပို့လိုက်သည့် တစ်စောင် တည်းသောစာဖြင့် သမ္မတရာ ထူးကို စစ်ခေါင်းဆောင်က အလွယ်ရယူလိုက်ခြင်း ဖြစ်သည်။

🟥သမ္မတဖြစ်ဖို့ဘာတွေလိုလို့လဲ

စစ်ခေါင်းဆောင် အနေဖြင့် သမ္မတဖြစ်ရန် ၎င်းကိုယ်တိုင် ခန့်အပ်ထားသည့် ဒုသမ္မတနှင့် ယာယီသမ္မတ တို့ကို တာဝန် ဝတ္တရားများ ဆောင်ရွက်နိုင်ခြင်း မရှိသည့် အနေအထားဖြင့် ဆေးခွင့် ယူစေကာ အနားပေးခဲ့သည်။

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကိုလည်း နိုင်ငံတော် ယာယီအုပ်ချုပ်ခွင့် သက်တမ်းတိုးရန် ကာလုံခေါ်သည့် အချိန်တွင်သာ ဒုသမ္မတ ခေါင်းစဉ်တပ် တာဝန်ပေးပြီး ကျန်ရက်များတွင် အကျယ်ချုပ် စောင့်ကြည့် အခြေအနေ အောက်တွင်ထားသည်။

ထို့ပြင် ယာယီသမ္မတ ဦးမြင့်ဆွေကိုလည်း ကာလုံ အစည်းအဝေးတွင်သာ ထုတ်သုံးပြီး တခြားသော အရေးကြီးသည့် နိုင်ငံတော် စီမံအုပ်ချုပ်ခွင့် တာဝန်များကို ပေးမထားကြောင်း သိရသည်။

ထိုသို့ ရုပ်သေးရုပ် ယာယီသမ္မတကို ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့ ညပိုင်းတွင် စစ်ခေါင်းဆောင်က ဦးမြင့်ဆွေမှာ သမ္မတ ရာထူး ထမ်းဆောင်ရန် မဆိုထားနှင့် နေ့စဉ်စားသောက် နေထိုင်သည့် အလုပ်များကိုပင် မလုပ်ဆောင်နိုင်တော့သည်အထိ ကျန်းမာရေး ဆိုးရွားနေကြောင်း ၎င်းတို့ လက်အောက်ခံ မီဒီယာများမှတဆင့် ထုတ်ပြန်လာခဲ့သည်။

သမ္မတ နှစ်ဦးလုံးကို စစ်ခေါင်းဆောင်က ကျန်းမာရေး အကြောင်းပြ၍ ဖယ်ထား ပြီးနောက် ယာယီ သမ္မတရုံးမှ ပေးပို့ လာသည် ဆိုသော စာတစ်စောင်တည်းဖြင့်သာ သမ္မတ ရာထူးကို ရယူလိုက်ခြင်း ဖြစ်သည်။

🟥ဝန်ကြီးချုပ်က သမ္မတကို ခန့်အပ်ခြင်း

လက်ရှိတွင် နိုင်ငံတော် ဝန်ကြီးချုပ် ရာထူး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးများကို ရယူထားသူ စစ်ခေါင်းဆောင်က သမ္မတရာထူးကို ၎င်းစီမံအုပ်ချုပ်နေသည့် ယာယီသမ္မတရုံးမှနေ၍ စာတစ်စောင် ရေးစေကာ ဝန်ကြီးချုပ်ကနေ သမ္မတရာထူးကို ခန့်အပ် ရယူခဲ့သည်။

သို့ဖြင့် ယာယီသမ္မတရုံးမှ စစ်ကောင်စီ ဥက္ကဋ္ဌထံ သမ္မတရာထူး လွှဲပြောင်းအပ်နှံခြင်း လက်မှတ်ထိုး ဆောင်ရွက်ခဲ့သည် ဆိုသော စာတစ်စောင်ကို လက်ကိုင်ပြုကာ အလိုအလျောက် ယာယီသမ္မတ ဖြစ်သွားသည်။

🟥ယာယီသမ္မတရာထူးယူမှုဥပဒေနှင့်ညီဟုဆို

ယခုကဲ့သို့ ညတွင်းချင်း သမ္မတရုံးမှ ပေးပို့သည့် စာတစ်စောင်အရ သမ္မတ ဖြစ်လာသည်ကို ဥပဒေနှင့် ညီကြောင်းလည်း အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ခေါင်းဆောင် ယာယီသမ္မတရာထူး ရယူပြီးနောက်တွင် သမ္မတ ရာထူးရယူခဲ့ပုံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီကိုယ်တိုင် ချိုးဖောက်ဖျက်ဆီးပြီး အာဏာသိမ်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကိုင်ကာ ဗိုလ်ချုပ် ဇော်မင်းထွန်းက “ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာမှု၊ ပုဒ်မ ၄၁၂ အရ အရေးပေါ် အခြေအနေ ကြေညာမှု အဆိုပါ ပုဒ်မနှစ်ခုနှင့် ဆက်စပ်ပြီး ဆောင်ရွက် ပေါင်းစပ်ကြည့်မယ် ဆိုရင် အရေးပေါ်ကာလမပြီး မြောက်သေးတဲ့ ကာလအတွင်းမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ပါဝင်တဲ့ ပုဂ္ဂိုလ် အချို့ လစ်လပ် သွားစေကာမူ ကျန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့တာဝန်တွေကို မလွဲမသွေ ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

စစ်ခေါင်းဆောင် အနေဖြင့် ထိုသို့ သမ္မတရာထူး အသက်သွင်းရာတွင် အဓိက အရေးကြီး တာဝန်ယူရသည့် သမ္မတနှင့် ဒုသမ္မတ တို့ကို အကြောင်းပြချက် တစ်ခုတည်းဖြင့် တာဝန်မှ နားစေခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက“ပုဒ်မ ၄၁၂ (ခ) မှာ ဆိုရင် နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ နှင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များစုံညီစွာ တက်ရောက်နိုင်ခြင်း မရှိပါက အဖွဲ့ဝင်များဖြစ်တဲ့ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်တော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဌာန ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးတို့နှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို ထုတ်ပြန် ကြေညာနိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်”ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ အချို့ကို ကိုင်စွဲ၍ ပြောဆိုခဲ့သည်။

၎င်းတို့ပြောဆိုသည့် ဥပဒေအရ အထက်ပါပုဂ္ဂိုလ်များ မှ လွှဲပြောင်းပေးအပ်လျှင် သမ္မတရာထူးယူနိုင်သည်ဟုဆိုကာ ယာယီ သမ္မတဖြစ်သူ အာရုံကြောရောဂါဖြင့် နေ့စဉ်လုပ်ငန်းတာဝန်များကိုပင် မလုပ်ဆောင်နိုင်တော့သည့်အခြေအနေတွင် စစ်ခေါင်းဆောင်က ဥပဒေပုဒ်မများကိုပါ ထောက်ပြပြီး သမ္မတရာထူးကို အမိအရ ရယူခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ လိုက်နာတာလား၊ အသုံးချတာလား ဆိုသည်ကို ချိန်ဆကြည့်ပါက အမှန်တကယ်တွင် ပြည်သူ့မျက်နှာကို မကြည့်ဘဲ အာဏာ သိမ်းချိန်ကစပြီး ၂၀၀၈ ဖွဲ့စည်းပုံက ပျက်သွားပြီ ဖြစ်သည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက “တကယ်တော့ သမ္မတရာထူးဟာ ဝန်ထမ်းရာထူး ဖြစ်သော်လည်း ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များနဲ့ အခြားဂုဏ်သရေရှိ ပုဂ္ဂိုလ်များထဲက အစုသုံးစုထဲမှာ မဲအများဆုံးတစ်ဦးက သမ္မတ ဖြစ်လာရတာပါ။ ဒါကြောင့် အဆင့်မြင့်သူက အဆင့်နိမ့်တဲ့သူကို စာတစ်စောင်ထုတ်ပြီး လွှဲလို့မရပါဘူး။ တော်လှန်ရေး အင်အားစုများနဲ့ ပြည်သူအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေက အာဏာသိမ်းလိုက်ကတည်းက ဖျက်သိမ်းလိုက်တာ ကြာပါပြီ” ဟု ပြောသည်။

သမ္မတကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ကာ စစ်ကောင်စီက ဖမ်းဆီး ခဲ့ပြီးနောက် ထိုအခြေခံဥပဒေမှာ စစ်တပ်၏ ဖျက်ဆီးမှုကို ခံလိုက်ရပြီး ဖြစ်သည်။

ဒုသမ္မတ ဦးမြင့်ဆွေကို ယာယီသမ္မတ ရာထူးပေးပြီး ဒုသမ္မတက တာဝန်ကို ၇ ရက်အတွင်း လွှတ်တော်ခေါ်ပြီးနောက် ပြည်သူရွေးချယ်သည့် သမ္မတကို ပြန်လည်ရွေးချယ်ကာ လွှတ်တော်တင်ပေးရမည့် တာဝန် ဝတ္တရားသာရှိပြီး မည်သည့် လုပ်ပိုင်ခွင့်မျှ ဒုသမ္မတတွင် ရှိမနေပါ။

သို့သော်လည်း စစ်ကောင်စီက ဥပဒေအရ ပြုလုပ်ရမည့် မည်သည့်အချက်ကိုမှ မလိုက်နာဘဲ အာဏာသက်တမ်းတိုး ၆ လ တစ်ကြိမ်ပြုလုပ်တိုင်း ယာယီသမ္မတ ဖြစ်သူကို ကာလုံ အစည်းအဝေးသို့ ခေါ်ထုတ်သည့်လုပ်ရပ်ကိုသာ ပြုလုပ်ခဲ့သည်။

ယခုတစ်ကြိမ်တွင် ပြန်လည် ပြည့်မြောက်တော့မည့် အာဏာ ၆ လသက်တမ်းတိုးမည့် အခြေအနေကို ယာယီသမ္မတကို ဖြုတ်ချပြီး လစ်ဟင်းသည့် တာဝန်ကို ထမ်းဆောင်ရန်ဆိုကာ စစ်ခေါင်းဆောင်က ဝင်နေရာယူခဲ့ခြင်း ဖြစ်သည်။

🟥သမ္မတရာထူးရယူပြီးနောက်ဘာတွေထူးခြားလာလဲ

စစ်ခေါင်းဆောင်က ယာယီသမ္မတ ရာထူးမရယူခင် တရုတ်နိုင်ငံနှင့် ညှိနှိုင်းမှုများစွာ ပြုလုပ်ခဲ့ကြောင်းလည်း တပ်တွင်း သတင်း ရင်းမြစ်များ၏ ပြောပြချက် အရ သိရသည်။

သမ္မတဟောင်း ဦးသိန်းစိန်သည် စစ်ခေါင်းဆောင် ယာယီသမ္မတ ရာထူး မရယူခင် တရုတ်အစိုးရ၏ ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံသို့ ခေတ္တသွားရောက်ပြီး နိုင်ငံတော် အုပ်ချုပ်ရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

“ယာယီသမ္မတ ရာထူးကို ဦးသိန်းစိန် ဒါမှမဟုတ် စစ်ကောင်စီက ယုံကြည်တဲ့သူ တစ်ယောက်ယောက်ကို ပြန်လည် ခန့်အပ်စေဖို့ တရုတ်အစိုးရဆီက အသံ ထွက်လာတယ်။ ဒါပေမယ့် တပ်အတွင်းမှာက စစ်ခေါင်းဆောင် ဘယ်လောက်ထိ သမ္မတ ရာထူးကို မက်မောလည်း ဆိုတာ သိနေတော့ တရုတ်အစိုးရနဲ့ ညှိနှိုင်းမှု မအောင်မြင်လောက်ဘူးဆိုတာ ထင်ကြေး ပေးပြီးသား”ဟု တပ်တွင်း သတင်းရင်းမြစ် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒုတိယအကြိမ် ပြန်လည်စတင်လာသည့် ၁၀၂၇ စစ်ဆင်ရေးများတွင် ရှမ်းမြောက်တစ်ခုတည်းသာမက စစ်ခေါင်းဆောင် လိုအပ်သလို ချယ်လှယ်ခိုင်းစေ၍ရနေသည့် အကြီးဆုံး စစ်ဌာနချုပ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကြီး တည်ရှိရာ မန္တလေး တိုင်း အတွင်းသို့ပါ စစ်ရေးစိမ့်ဝင်နေခဲ့ပြီး နယ်‌မြေအချို့ကိုပါ ဆုံးရှုံးလာသည့်အတွက် စစ်ခေါင်းဆောင်က တရုတ်နိုင်ငံသို့ စစ်ရပ်ပေးရန်၊ ညီနောင် မဟာမိတ်အဖွဲ့များကို တားမြစ်ပေးရန် အတွက် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်းဆိုမှုများကို ညှိနှိုင်းပေးရန် တရုတ် အစိုးရက စစ်ခေါင်း ဆောင်၏ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စအချို့ကို ဝင်ရောက် စွက်ဖက်ခဲ့မှုရှိကြောင်း စစ်ခေါင်းဆောင်၏ စစ်ရုံးနှင့် နီးစပ်သူ တစ်ဦးထံကလည်း သိရသည်။

စစ်ခေါင်းဆောင်က သမ္မတရာထူးကို အရယူပြီးနောက် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း အဆက်အဖြစ် ဆင်နွှဲနေသည့် တော်လှန်ရေး တပ်ဖွဲ့များက ၎င်းတို့တိုက်ယူနေသည့် နယ်မြေအချို့ကို သိမ်းယူသွားနိုင်ခဲ့သည်။

စစ်ခေါင်းဆောင် ယာယီသမ္မတရာထူး ရယူပြီးနောက် ရှမ်းမြောက်ရှိ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ ကိုသာမက စစ်ကောင်စီ၏ ရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီးတစ်ခုလုံးကို ကိုးကန့်တပ်မတော် (MNDAA) က သိမ်းပိုက်နိုင်ခဲ့ သည်။

ရှမ်း-မန်း စစ်ဆင်ရေးအဖြစ် တိုက်ပွဲ ဖော်ဆောင်နေသည့် ပြည်သူ့ ကာကွယ် ရေး တပ်မတော် (မန္တလေး) MDY-PDF ကလည်း မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူး မြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ပြင် နယ်မြေဆက်စပ်နေသည့် မတ္တရာ၊ ပုသိမ်ကြီး မြို့နယ်များတွင်လည်း ထိုးစစ်များဆင်နွှဲပြီး တပ်စခန်း ၃၀ နီးပါးကို MDY-PDF က စိုးမိုးထားနိုင်သည်။

ယာယီသမ္မတ အနေဖြင့် ၎င်းတို့၏ ရမခ မကျစေရေး စီစဉ်ဆောင်ရွက်မှု အနေဖြင့် တိုင်းမှူးဟောင်းကို ဖြုတ်ချကာ တိုင်းမှူးအသစ် ခန့်အပ်ပြီး ဘန်ကာ ဆာလာအိတ် အလုံး တစ်သိန်းကျော်ကို ပေးပို့သည့် စီမံချက်သာ ရှိခဲ့ကြောင်း ၎င်းတို့ စစ်ဆင်ရေး ဖော်ဆောင်မှုအရ ညံ့ဖျင်းမှုကို ပြည်သူလူထုက ရှင်းရှင်းကြီး မြင်နေခဲ့ရသည်။

ယာယီသမ္မတဖြစ်ပြီးနောက် မြို့ နှစ်မြို့နှင့် စစ်တိုင်းဌာနချုပ် တစ်ခုကို ဆုံးရှုံးလိုက်ရသည့်အတွက် စစ်တိုင်းမှူးများကို အရေးယူခြင်းများ ပြုလုပ်နေပြီး အသစ်ခန့်ထားသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှာလည်း ၎င်းရုံးထိုင်ရမည့် ရမခ အတွင်း ရှိမနေဘဲ ရှောင်တိမ်းနေရကြောင်း သိရသည်။

🟥အာဏာ၆လသက်တမ်းတိုးနှင့်ယာယီသမ္မတ

ပြည်သူလူထု အတွင်း ပျံ့နှံ့နေသည့် စစ်ခေါင်းဆောင် သမ္မတရာထူး ရူးနေမှုကို စာတစ်စောင်တည်းဖြင့် ညတွင်းချင်း သမ္မတ ရာထူးရယူခဲ့ပြီး စလွယ်များဖြင့် ရိုက်ကူးထားသည့် ပုံများ ထွက်ပေါ်လာသည့် အတွက် ထိုသတင်းစကားမှာ မှန်ကန်နေသည်ကို တွေ့ရသည်။

“အာဏာမသိမ်းခင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်က သူ့ကို သမ္မတ အဖြစ် တင်မြှောက်ဖို့ နှစ်ကြိမ်တိုင် လာရောက် ပြောဆိုမှုရှိခဲ့တယ်။ ပြီးတော့ နောက်ဆုံးတစ်ခေါက် တွေ့တဲ့အချိန်မှာ သူ့ကို သမ္မတအဖြစ် မရွေးချယ်ခဲ့ရင် အာဏာ သိမ်းရမယ်လို့ ခြိမ်းခြောက်မှုလည်း လုပ်ခဲ့တယ်ဆိုတာ ဒီဘက် ဒီမိုကရေစီ အစိုးရ အသိုင်းအဝိုင်းမှာရော တပ်ဘက်မှာရော၊ ပါတီ ထဲရော သတင်း စကားက ပျံ့နှံ့နေတယ်။ မဟုတ်ဘဲနဲ့တော့ ဒီသတင်း ထွက်မလာဘူး။ တကယ် တမ်းလည်း အကြောင်းပြချက်မရှိ တည်ငြိမ် တိုးတက်နေတဲ့ တိုင်းပြည်ကို အာဏာသိမ်းခဲ့တယ်”ဟု အမည် မဖော်လိုသည့် စစ်ရေး လေ့လာသုံးသပ်နေသူ တစ်ဦးက ပြောသည်။

သို့ဖြစ်၍ စစ်ခေါင်းဆောင်၏ သမ္မတ အိပ်မက်နှင့် သမ္မတရူး အာဏာရူး ရူးနေသည်မှာ စစ်အာဏာ မသိမ်းခင် ကတည်းကဟု ဆိုရမည် ဖြစ်သည်။

နောက်ပိုင်း၌ ယာယီ သမ္မတ ဟူသည့် အသုံးတွင် ယာယီ ဖြုတ်ပစ်နိုင်ဖွယ် ရှိကြောင်း ဝေဖန် ပြောဆိုမှုများလည်း ရှိနေပါသည်။

ယခင်က နိုင်ငံ့ဝန်ထမ်း၏ အငြိမ်းစား သက်တမ်းမှာ အသက် ၆၀ သတ်မှတ်ထားသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တပ်ချုပ် တာဝန်ယူပြီးနောက် ၂၀၂၀ အတွင်းမှာ တပ်ချုပ်နှင့် ဒုတပ်ချုပ် သက်တမ်းကို ၆၅ နှစ်သို့ တိုးမြှင့်ခဲ့သည်။

အာဏာသိမ်းပြီးနောက် ထို ၆၅ နှစ် သက်တမ်း သတ်မှတ်ချက်ကိုလည်း ပယ်ဖယ်ပစ်လိုက်သည်။ ယခုအခါ စစ်ခေါင်းဆောင် ၏ အသက်မှာ ၆၈ နှစ်ခန့် ရှိပြီ ဖြစ်သည်။

စစ်ခေါင်းဆောင်က တိုင်းပြည်ကို အာဏာသိမ်းပြီးနောက် ယာယီ အာဏာထိန်းသည်ဟု ဆိုကာ ၂၀၀၈ ဖွဲ့စည်းပုံအရ တစ်နှစ် အုပ်ချုပ်မည်ဟု ကြေညာပြီး ၆ လစီ အာဏာသက်တမ်း တိုးခဲ့သည်မှာ ၅ ကြိမ် ရှိခဲ့ပြီ ဖြစ်သည်။

ယနေ့ ဇူလိုင် ၃၁ ရက်နေသည် စစ်ခေါင်းဆောင်၏ အရေးပေါ်ကာလ ကြေညာ ချက် သက်တမ်းကုန်ဆုံးမည်ဖြစ်၍ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်း အဝေးကို နေပြည်တော်တွင်ပြုလုပ်နေပြီး ယာယီသမ္မတရာထူး ရယူထားသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်း ပြောကြားရန်ပြင်ဆင်နေကြောင်း သိရသည်။

#စာရွက်တစ်ရွက်တည်းဖြင့်သမ္မတဖြစ်လာသူ #ဆောင်းပါး #Ayeyarwaddy_Times