နိုရာ/ဧရာ၀တီတိုင်းမ်
ဇူလိုင် ၃၀ ရက်

“အမေအဖြစ် အသိအမှတ်မပြုပါ” ဆိုတဲ့ စကားလုံးတွေကို မြင်ယောင်မိတဲ့အခိုက် တတောက်တောက်နဲ့ လှုပ်ရှားနေတဲ့ တက်တင်းစ ကိုင်ထားသော လက်အစုံကို ခေတ္တရပ်နားလိုက်ပါတယ်။

ပြီးတော့ ကျလာတဲ့ မျက်ရည်စတွေကို လက်ခုံနဲ့ ပွတ်သုတ်လိုက်ရတယ်လို့ ဒေါ်ငြိမ်းအေးက ပြောပါ တယ်။

သူ့ရင်နဲ့ လွယ်မွေးထားတဲ့ သားနှစ်ယောက်က “အမေအဖြစ် အသိအမှတ်မပြုပါ” ဆိုတဲ့စာကို လူမှုကွန်ရက်စာမျက်နှာကနေ တစ်ဆင့် တစ်လောကလုံးသိအောင် ကြေညာခဲ့ပြီးတဲ့အခါ ဒေါ်ငြိမ်းအေးဟာ ပြောပြစရာ စကားလုံးရှာမရတော့တဲ့အထိ ထိခိုက်ခံစားခဲ့ရပါတယ်။

အသက် ၆၈နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သားသမီးငါးယောက်ရဲ့မိခင် ဒေါ်ငြိမ်းအေးဟာ စစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်ခဲ့တာကြောင့် အမိမြေ မြန်မာနိုင်ငံကို စွန့်ခွာပြီး ထိုင်း- မြန်မာ နယ်စပ်မှာ လာရောက်ရွှေ့ပြောင်း နေထိုင်နေရသူပါ။

ဒေါ်ငြိမ်းအေးဟာ စစ်ကောင်စီ အာဏာသိမ်းပြီး မကြာခင်မှာပဲ ရပ်တည်ချက်တူညီတဲ့ သမီးဖြစ်သူနဲ့အတူ မြန်မာနိုင်ငံထဲကနေ ကချင်ပြည်နယ်ကို ထွက်လာခဲ့ပြီး စစ်အာဏာရှင်ရဲ့ အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေကြောင့် ထိုင်း-မြန်မာနယ်စပ်အထိ ရှောင်လာခဲ့ရသူဖြစ်ပါတယ်။

ဒီလိုအခြေအနေနဲ့ရင်ဆိုင်နေရချိန်မှာ ဒေါ်ငြိမ်းအေးရဲ့ သားနှစ်ယောက်ကပါ မိခင်ဖြစ်သူကို “အမေအဖြစ် အသိအမှတ်မပြုပါ” လို့ လူမှုကွန်ရက် Facebook စာမျက်နှာက တစ်ဆင့်ကြေညာပြီး မိသားစုအဖြစ် ကနေပြတ်ဆဲ လက်တွဲဖြုတ်ချလိုက်တာပဲ ဖြစ်ပါတယ်။

ဒေါ်ငြိမ်းအေးဟာ အမိမြေမှာမဟုတ်သလို မိသားစုလည်း မစုံညီတဲ့ အိမ်လေးထဲမှာ မနက်လင်းတာနဲ့ ဘုရား ရှိခိုး၊ ချက်ပြုတ်၊ အပင်စိုက်၊ တက်တင်းထိုးနဲ့ အအားအလပ်မထားဘဲ ကိုယ်ရော စိတ်ကိုပါ အလုပ်ပေးနေရပါတယ်။

“အမေနဲ့ သားနှစ်ယောက်က ခံယူချက်ခြင်း မတူညီကြဘူး။ အမေ့မှာ ပါတီစွဲမရှိဘူး။ အုပ်ချုပ်မှုကို ချိန်ခွင်လျှာထိုးကြည့်တယ်။ စစ်အုပ်ချုပ်ရေးအောက်မှာ ဘယ်လိုနေထိုင်ခဲ့ရတာကို ပိုသိလာတော့ စစ်ဖိနပ်အောက်မှာ မနေချင်ဘူး” လို့ ဒေါ်ငြိမ်းအေးက ပြောပါတယ်။

တိုင်းပြည်အာဏာအသိမ်းခံရပြီးနောက်မှာ ရရာနည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်နေခဲ့သူ ဒေါ်ငြိမ်းအေးကို အမြင်မတူသူ သားနှစ်ယောက်က “အမေအဖမ်းခံရလိမ့်မယ်” လို့ အမြဲပြောနေခဲ့တယ်လို့ သူက ဆိုပါတယ်။

စစ်အာဏာသိမ်းတာကိုလက်ခံတဲ့ စစ်တပ်ကိုအားပေးထောက်ခံတဲ့ သားနှစ်ယောက်ဟာ မိခင်ဖြစ်သူကို လက်တွဲ ဖြုတ်ချန်ထားရစ်လောက်တဲ့အထိ မလုပ်လောက်ဘူးလို့ ဒေါ်ငြိမ်းအေး တွက်ဆထားခဲ့တာပါ။

“အမေတစ်ယောက်ရဲ့ ရင်ထဲဘယ်လိုဖြစ်သွားမလဲ။ ကိုယ့်ခြေထောက်ပေါ်တောင် ကိုယ်ရပ်တည်လို့ မထားနိုင်အောင်၊ ပြောစရာစကားမရှိတော့အောင် ထိခိုက်ခံစားရပါတယ်” လို့ ဒေါ်ငြိမ်းအေးက ပြောလာပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ သားသမီးတွေတော်လှန်ရေးလုပ်လို့ အိမ်ချိတ်ပိတ်ခံရမှာ ဖမ်းဆီးထောင်ချခံရမှာစိုးပြီး သားသမီးအဖြစ်က စွန့်လွှတ်ကြောင်း ကြေညာစာတွေ သတင်းစာမှာ နေ့စဉ်နီးပါး ပါလာခဲ့ပါတယ်။

ပြည်သူတွေကို ရက်ရက်စက်စက်နှိမ်နင်းသတ်ဖြတ်တဲ့ စစ်တပ်ကို ထောက်ခံတဲ့ မိဘတွေနဲ့ အတူမနေနိုင်တော့လို့ အိမ်ကိုစွန့်ခွာလာသူ လူငယ်တွေလည်း အများ အပြားရှိသလို စစ်ကောင်စီရဲ့ ရန်ကိုကြောက်လို့ သားအဖြစ်က အမွေဖြတ်စွန့်လွှတ်ကြောင်း ရင်နာနာနဲ့ ကြေညာခဲ့ရတဲ့ မိဘတွေလည်း များစွာရှိခဲ့ပါတယ်။

အဲ့ဒီအထဲကမှ မိဘက စစ်တပ်ကိုဆန့်ကျင်လို့ တော်လှန်လို့ မိခင်အဖြစ်အသိအမှတ်မပြုဘူးလို့ ထုတ်ဖော်ပြောကြားခြင်း ခံရသူတွေထဲမှာတော့ ဒေါ်ငြိမ်းအေးဟာ ပထမဆုံး မိခင်တစ်ဦးပဲ ဖြစ်ပါလိမ့်မယ်။

“ရန်ကုန်မှာနေခဲ့စဉ် အမေက ခြံဝန်းထဲမှာ မုန့်တီဆိုင်လေးဖွင့်ထားတာလေ။ အဲဒါ ခြံထဲရှိသမျှအမေစိုက်ထားတဲ့အပင်တွေမှာ အနီရောင် ဖဲကြိုးတွေ၊ အဝတ်စတွေကို ရဲနေအောင် ချည်ထားတာ။ အဲဒါရဲတွေက လာဖြုတ်ခိုင်းတယ်။ စစ်သားတွေလည်းပါလာတယ်။ ကားသုံးလေးစီးနဲ့ကို လာတာ။ အမေကပြောလိုက်တယ်။ ကျွန်မက နဂါးမယ်တော်ကိုးကွယ်လို့ရိုးရာအရ ချည်ထားတာ။ ဖြုတ်ရဲသူ ဖြုတ်သွားဆိုပြီး ခပ်တည်တည်ပြောပစ်တာ။ မဖြုတ်ရဲကြဘူး။ အတော်လေးကြာနေပြီးမှ ညသန်းခေါင်ကြီး စစ်သားတွေ ခြံထဲဝင်လာပြီး တိတ်တိတ်လေးလာဖြုတ်သွားကြတယ်” ဟု ဒေါ်ငြိမ်းအေးက သူရရာနည်းနဲ့ အာဏာရှင်ကို ပုန်ကန်ခဲ့ပုံကိုပြောပါတယ်။

ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိပေမယ့် ပြည်သူကို အုပ်ချုပ်ပုံ၊ အကြင်နာထားပုံနဲ့ စိတ်လုံခြုံမှုကို ဘယ်သူက ပေးနိုင်လဲဆိုတာ ထင်ရှားနေတာမို့ စစ်အာဏာ သိမ်းတာကို လက်မခံနိုင်ခဲ့တာလို့ ဒေါ်ငြိမ်းအေးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူအပေါ်အလေးမထား ဧည့်စာရင်းဆိုတဲ့ စကားတစ်လုံးအကြောင်းပြပြီး ပြည်သူ့ အိုးအိမ်ပေါ်တက် လိုချင်တာယူ ပြည်သူကို ထိတ်လန့်အောင် နိုင့်ထက်စီးနင်း ပြုမူတာတွေကိုလည်း ရွံမုန်းမိတယ်လို့ ဒေါ်ငြိမ်းအေးကဆိုပါတယ်။

ဒီလိုမလုံခြုံတဲ့ နယ်မြေတစ်ခုကနေခွာပြီး တစ်ပြည်ရပ်ခြားမှာ နေထိုင်ရတာအတွက် မြန်မာနိုင်ငံထဲမှာ နေပြီး စစ်ကောင်စီကပေးနေတဲ့ စိတ်ဒုက္ခတွေကို ခံစားနေရသူတွေအပေါ် အားနာမိတယ် လို့လည်း ဒေါ်ငြိမ်းအေးက ပြောပါတယ်။

“အာဏာရှင်ကို တော်လှန်နေသူတွေဟာ အမေ့သားသမီးတွေပဲ။ သူတို့လေးတွေ အမေ့ဆီလာလည်ရင် အမေကိုယ်တိုင်စိုက်ပျိုးထားတာလေးတွေ ခူးချက်ကျွေးပေါ့။ အမေ့သားတွေကို သတိရရင် သူတို့တွေကို ပိုမေတ္တာပေးတာပေါ့” လို့ ဒေါ်ငြိမ်းအေးက ဆိုပါတယ်။

ဒေါ်ငြိမ်းအေးဟာ သားနှစ်ယောက်ကို သတိရလို့ လွမ်းလို့ ဖုန်းဆက်သွယ်တဲ့အခါမှာလည်း သားဖြစ်သူ တွေက အမေလို့ မခေါ်ထိုက်သူက ဖုန်းဆက်ပါတယ်ဆိုပြီး လူမှုကွန်ရက်မှာ ခါးခါးသီးသီးတုံ့ပြန် ခဲ့ပါတယ်။

အဲဒီ့နောက်ပိုင်း သားတွေအကုသိုလ်ဖြစ်မှာစိုးစိတ်နဲ့ အမေဒေါ်ငြိမ်းအေးဟာ ဖုန်းဆက်သွယ်မှု မလုပ်တော့ သလို သားနှစ်ယောက်ကလည်း မိခင်ဖြစ်သူရဲ့ဖုန်းကို ဘလော့လိုက်တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ နေထိုင်ရစဉ်က ကိုယ့်သားသမီးလေးတွေကို ဘယ်တော့ လာဖမ်း ခေါ်မလဲ၊ အိမ်ထဲကို ဘယ်တော့အကြမ်းဖက်ဝင်လာမလဲလို့ အစဉ်အမြဲစိုးရိမ်ပူပန်နေခဲ့ရကြောင်း ဒေါ်ငြိမ်းအေးကပြောပါတယ်။

ဒေါ်ငြိမ်း‌အေးက “အားတင်းထားပါ။ အားလုံးဟာ စစ်ဖိနပ်အောက်ကလွတ်အောင်ကြိုးစားနေတာမို့ သည်းခံပေးကြပါဦး။ ဒုက္ခခံနေရတာတွေကို သည်းခံပေးပါဦး။ တော်လှန်ရေး မအောင်မြင်မချင်း တိုက်နေဦးမှာပါ” လို့ စိတ်အားထက်သန်စွာနဲ့ ပြောပါသေးတယ်။

စစ်တပ်အာဏာ သိမ်းပြီးတဲ့နောက် မိသားစုတွေဟာ ယုံကြည်ချက်၊ ခံယူချက်၊ တာဝန်သိစိတ်တွေနဲ့ တကွဲတပြားနေထိုင်နေကြရပြီး မိဘက သားသမီးကို၊ သားသမီးကမိဘကို မိသားစုအဖြစ်မှ စွန့်လွှတ်တာ၊ ထုတ်ပယ်တာတွေကို တွေ့နေရပါတယ်။

အာဏာရှင်ဟာ အာဏာရှင်ပီသစွာပဲ တော်လှန်ရေးနဲ့ ပတ်သက်သူမှန်သမျှ ဖမ်းလိုသူကိုမတွေ့ခဲ့ရင် ပတ်သက်တဲ့ မိသားစုကို ဖမ်းဆီးနှိပ်စက်တာ၊ ထောင်သွင်းအကျဉ်းချတာအပြင် ပိုင်ဆိုင်မှုတွေကို ပိတ်သိမ်းတဲ့အထိလုပ်ဆောင်တတ်တာကြောင့် ယခုလို မိသားစုစာရင်းက ထုတ်ပယ်တာတွေဖြစ်လာရတာပါ။

ဒေါ်ငြိမ်းအေးရဲ့ မိခင်စိတ်ကတော့ သားတွေ စိတ်ဓာတ်ခံယူချက်ပြောင်းလဲလာပြီး သူ့သားတွေအဖြစ် ပြန်လည်ရောက်ရှိလာမယ့်နေ့ကို လက်ကမ်းကြိုနေတုန်းပါပဲ။

“သားကို သားလို့ ၊သမီးကို သမီးလို့ မခေါ်နိုင်တဲ့သူတွေအများကြီးပါပဲ။ အမေ့လို မိခင်တွေ အများကြီးပါပဲ။ တစ်နေ့ ကိုယ့်သား၊ သမီးလေးတွေကို သားတို့၊ သမီးတို့လို့ ပြန်ခေါ်နိုင်မှာပါ။ အားတင်းထားကြပါဦးလို့ ပြောချင်တယ်” ဟု ဒေါ်ငြိမ်းအေးက ပြောပါတယ်။

ဒေါ်ငြိမ်းအေးလိုပဲ သားကိုသားလို့မခေါ်နိုင်ဘဲ သားအဖြစ်မှစွန့်လွှတ်ကြောင်းပါ ကြေညာထားခဲ့ရတဲ့ မိခင်တစ်ဦးကတော့ အသက် ငါးဆယ်ကျော်အရွယ် ဒေါ်မြင့်ရီပါ။

ဒေါ်မြင့်ရီရဲ့သားဖြစ်သူဟာ စစ်အာဏာရှင်ကိုတော်လှန်ဖို့ လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ခဲ့ပြီး လွတ်မြောက်နယ်မြေတစ်ခုက တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ထွက်သွားခဲ့ပါတယ်။

သားဖြစ်သူ တော်လှန်ရေးတပ်ဖွဲ့တွေကိုရောက်သွားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီက မိသားစုကို ရန်ရှာပြီး ပိုင်ဆိုင်မှုတွေကို ပိတ်သိမ်းဖို့လုပ်လာချိန်မှာ တစ်ဦးတည်းသောသားဖြစ်သူကို သားအဖြစ်မှ စွန့်လွှတ်ကြောင်း ကြေညာခဲ့ရပါတယ်။

“အမေတို့ ဘယ်လိုလုပ်မလဲ။ စွန့်လွှတ်ကြောင်းကြေညာဖို့ တစ်နည်းပဲရှိခဲ့တယ်။ ဆွေမျိုးတွေကတော့ တကယ်စွန့်ပစ်လိုက်ဖို့ပြောတယ်။ မလိုအပ်တာကိုလုပ်တယ်ပေါ့။ အမေကတော့ အဲဒီလိုမတွေးဘူး။ အမေ့သားလေးဟာ တိုင်းပြည်က ပေးတဲ့တာဝန်ကို အချိန်ကိုက်ထမ်းဆောင်သွားတာ။ လူငယ့်တာဝန်ကို ယူသွားတာလို့ အမေကအမြဲဂုဏ်ယူမှတ်ယူထားတယ်” ဟု ဒေါ်မြင့်ရီကပြောပါတယ်။

တော်လှန်ရေးလုပ်မိလို့ မိသားစုကစွန့်လွှတ်ကြောင်း သတင်းစာကနေကြေညာခံခဲ့ရသူတွေကတော့ အဆိုတော်စာရေးဆရာ ကျားပေါက်၊ သရုပ်ဆောင်ဟိန်းထက် နဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက အစီအစဉ်တင်ဆက်သူနှင့် သတင်းကြေညာသူ ဦးကျော်သက်လင်း တို့လို့ ကျော်ကြားသူတွေသာမကပဲ အခြား အခြားသော လူငယ်တွေလည်း များစွာရှိခဲ့ပါတယ်။

“သားကို တိတ်တိတ်လေးဖုန်းခိုးဆက်ရတယ်။ အမေဟာ သားကို အမြဲ အမေ့သားလေးအဖြစ် မှတ်ယူ ထားပြီးသား။ သားလေး ရှေ့တန်းစစ်မြေပြင်မှာ ဘေးရန်ကင်းဖို့ တရားသောစစ်နိုင်ဖို့နဲ့ သားရဲ့ပေးဆပ်မှု ခေတ်ဝန်ကိုထမ်း မှန်ရာလမ်းကိုလျှောက်ခဲ့မှုဟာ အလဟဿ မဖြစ်ဘူးလို့ အမေတို့အမြဲပြောဖြစ်တယ်” ဟု ဒေါ်မြင့်ရီက ပြောပါတယ်။

သားဘက်ကမရပ်တည်ခဲ့ဘဲ ကိုယ်အန္တရာယ်ဖြစ်မှာစိုးတာရယ်၊ ပိုင်ဆိုင်မှု အသိမ်းခံရမှာစိုးတဲ့စိတ်တွေနဲ့ သားအဖြစ်က စွန့်လွှတ်ကြောင်းကြေညာခဲ့ရတဲ့အပေါ်ရင်နာမိပြီး သားအပေါ်ရှက်မိတယ်လို့ ဒေါ်မြင့်ရီ က ဆိုပါတယ်။

စစ်အာဏာရှင်ကြောင့် ကိုယ့်သားအရင်း မိဘအရင်းတွေကို သားလို့၊ အမေလို့ မခေါ်နိုင်တော့ တဲ့ဘဝတွေနဲ့ ဘယ်တော့မှပြန်မဆုံနိုင်တော့တဲ့ ဘဝတွေ မိသားစုတွေဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိနေပါတယ်။

ဒေါ်ငြိမ်းအေးနဲ့ ဒေါ်မြင့်ရီတို့ကတော့ သူတို့သားလေးတွေ သူတို့ရင်ခွင်ထဲပြန်ရောက်မယ့်နေ့ရှိလာမယ် လို့ ယုံကြည်မျှော်လင့်စောင့်ကြိုနေပါတယ်။

#အမေအဖြစ်အသိအမှတ်မပြုပါ #သားတို့၏အမေများ #အမျိုးသမီးကဏ္ဍဆောင်းပါး #Ayeyarwaddy_Times

(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင် နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုး သမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်း အရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစား သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိ ပေးအပ်ပါသည်။)