ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူတိုက်ပွဲအတွင်းကို စစ်ကော်မရှင်က စစ်ကူပို့ရန်အတွက် တပ်ရင်းအချို့မှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ရန်ကုန်မှနေ၍ ရေကြောင်းဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။
စစ်ကော်မရှင်သည် တပ်မ (၁၁) နည်းဗျူဟာမှူး နဗဟ-၁၁၁ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းသန့် ဦးစီးသည့် ခမရ ၂၁၂၊ ခမရ ၂၁၃၊ ခမရ ၂၁၉တို့မှ ခန့်မှန်းအင်အား ၅၀၀ခန့်ကို ကျောက်ဖြူသို့ ပို့ဆောင်နေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရသည်။

“ကျောက်ဖြူမှာက ရေတပ်အင်အားစုများတယ်။ မြေပြင်စစ်ကြောင်းထိုးမှုမှာ နယ်မြေရလည်းခဏပဲ။ AA က အမှည့်ခြွေတာကို စစ်တပ်ကခံရတာပဲ။ စစ်တွေက တပ်တွေခွဲပြီး ကျောက်ဖြူပို့ထားတာပဲ ဒါပေမယ့် စစ်ကြောင်းလိုက်ကိုပြုတ်တာ” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျောက်ဖြူတိုက်ပွဲမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ရက်နေ့ကတည်းက သိုင်းချောင်း၊ မင်းပြင် စသည့်ကျေးရွာများတွင် နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများ ရှိခဲ့သည်။ ဓညဝတီရေတပ်ဌာနချုပ်အနီး လမ်းခွဲဘက်တွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ရက်က AA နှင့် စစ်ကော်မရှင်တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့သည်။
စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်လိုက်သည့် သိုင်းချောင်းရွာကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ရက်တွင် AA က ပြန်လည်စီးနင်းတိုက်ခိုက်မှုများပြုလုပ်ထားနိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁ရက်နေ့တွင်မူ မင်းပြင်ရှိ စစ်ရေးအရ အချက်အချာကျသည့်နေရာအချို့နှင့် သိုင်းချောင်းရွာကို AAက စိုးမိုးမှု ပြန်လည် ရယူထားသည်ဟု သိရသည်။
ပုံစာ- ဧရာဝတီတိုင်းအတွင်း စစ်ရေးလေ့ကျင့်နေသည့် စစ်ကော်မရှင်တပ် (ပုံဟောင်း)၊ တပ်မ (၁၁) နည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီး မျိုးမင်းသန့်