‎ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၃ ရက်

‎အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်သိမ်းတိုက်ပွဲအတွင်း မြို့နယ် ၁၄ မြို့နယ်အထိ သိမ်းယူပြီး ထိစပ်နယ်မြေများကိုပါ စစ်ရေးချဲ့ထွင်လာနေကြောင်း သိရသည်။

စစ်ကော်မရှင်သည် ‎စစ်တွေ၊ မာန်အောင်နှင့် ကျောက်ဖြူ သုံးမြို့နယ်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ရွေးကောက်ပွဲကျင်းပမည်ဟု ထုတ်ပြန်ထားသည့်ကျောက်ဖြူတွင် စစ်ရေးပြင်းထန်လျက်ရှိသည်။

‎ရခိုင်ပြည်နယ်နှင့် ထိကပ်နေသည့် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းမှ စစ်ကော်မရှင်၏ စစ်စခန်းကြီးအချို့ကို AAက ထိန်းချုပ်ထားသည်ဟု ISP Myanmar က ဖော်ပြထားသည်။

‎”ပဲခူးတိုင်းနဲ့ မကွေးတိုင်းထဲက ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) တွေကို AA က ခြိမ်းချောက် လာတာတော့ အမှန်ပဲ။ သိမ်းဖို့ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်တယ်ဆိုတာ နောက်ထား အဲ့ဒီ့နေရာတွေထိ တိုက်ပွဲပြင်လာနိုင်တာက စစ်တပ်ကို တုန်လှုပ်စေတာပဲ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ပဲခူးတိုင်းအတွင်းရှိ ညောင်ကျိုးစခန်း၊ လေသာတောင်တစ်ကြောနှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ၏ ကာကင်းကုန်း ၆၆၆ ပွိုင့်စခန်းတို့ကို AAက သိမ်းပိုက်ထားပြီး ညောင်ခြေထောက်နှင့် ဆင်လန်အကြားတွင်လည်း စစ်ကော်မရှင်က ခံစစ်စခန်းများ ပြင်နေရကြောင်း ဒေသခံသတင်းရင်း မြစ်များထံမှ သိရသည်။

‎မကွေးတိုင်းအတွင်း နတ်ရေကန်ဗျူဟာကုန်းတဝိုက်ရှိ အဓိက ကာကင်းစခန်း အားလုံးနီးပါးမှာလည်း AA ၏ သိမ်းယူခြင်းကိုခံနေရပြီး ပင်မဗျူဟာကုန်းရှိ ပိတ်မိစစ်ကော်မရှင်တပ်သားများထံ ရိက္ခာနှင့် ခဲယမ်းပို့ဆောင်ရန် ခက်ခဲနေကြောင်း သိရသည်။

‎ထို့အပြင် ဧရာဝတီတိုင်း ရေကြည်အမြောက်တပ် ၃၄၄ အနီးရှိ ကာကင်းများ၊ လေးမျက်နှာမြို့နယ်ရှိ စက်စက်ယိုရွာနှင့် သဲနုကုန်းတို့ရှိ ကာကင်းစခန်း နှစ်ခုထက်မနည်းကို AA က ထိန်းချုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ‎ရှမ်းမြောက်အပစ်ရပ်မှုကို အခွင့်အရေးယူ၍ ရခိုင်ပြည်နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ကာ စစ်အင်အားတိုးချဲ့လာသော်လည်း AA ထိန်းချုပ်နယ်မြေများကိုမူ ပြန်လည် ရယူထားနိုင်ခြင်းမရှိပေ။

ဓာတ်ပုံ-AA Info Desk