ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အမှတ် (၅) နယ်ခြားစောင့်စခန်း (နခခ-၅) မြို့သူကြီးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့များ စခန်းမှ တပ်ဆုတ်ထွက်ပြေးနေကြကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ ဇူလိုင် ၃၁ ရက် မနက်အစောပိုင်းကစတင်၍ တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီနေဗီများမှလည်း လက်နက်ကြီးများဖြင့် စစ်ကူတိုက်ခိုက် လျက်ရှိကြောင်း သိရသည်။

“မနက်အစောကတည်းက စစ်ကူလေယာဉ်တွေ ဗုံးကြဲနေတာ။ ပြေးနေတာကတော့ မနေ့ကတည်းက အသုတ်လိုက်ကို စစ်သားတွေပြေးနေကြတာ။ မြို့ပေါ်တော့ ပိတ်မိနေသူတွေကျန်တုန်းပဲ” ဟု ရခိုင် စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာရက္ခတပ်တော် (AA) က ပြီးခဲ့သည့် ဇူလိုင် ၂၉ရက်မှစတင်ကာ ထိုးစစ်အရှိန်မြှင့်တင်ခဲ့ပြီးနောက် ဇူလိုင် ၃၀ရက်တွင် နခခ ၅မှ စစ်ကောင်စီတပ်ဖွဲ့များ စခန်းစွန့်ခွာ၍ စတင်ဆုတ်ခွာပြေးကြကြောင်း သိရသည်။

မောင်တောတွင် စစ်ကောင်စီက AAနှင့် တိုက်ပွဲပြင်းထန်နေသည့် ဇူလိုင် ၂၁ ရက်နေ့ကတည်းက မောင်တော ရွှေဇားကျေးရွာ အနီးတစ်ဝိုက်ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

စစ်ကောင်စီက AA သိမ်းထားသည့် ကညင်ချောင်းစီးပွားရေးဇုန်ကိုလည်း ပြန်လည်ရယူရန် တိုက်ခိုက် နေပြီး နခခ-၅ မကျစေရေးအတွက်လည်း လေကြောင်း၊ ရေကြောင်းသုံး၍ တိုက်ခိုက်နေကြောင်း သိရသည်။

နခခ -၅ မြို့သူကြီး စခန်းမှ စစ်ကောင်စီတပ်ဖွဲ့များမှာ အထိအခိုက်အကျအဆုံးများနေပြီး ပြီးခဲ့သည့် ဇူလိုင် ၁၅ရက်နေ့ကလည်း အဆိုပါစခန်းမှ ဒဏ်ရာပြင်းထန်သူများကို ကမ်းထိုးရေယာဉ်ဖြင့် သယ်ထုတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နခခ -၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်သည် စခန်းမှ ပစ်ခတ်ရင်း တပ်ဆုတ်ခွာပြေးနေရပြီး ဇူလိုင် ၃၀ရက် ညပိုင်းကတည်းက တပ်ဖွဲ့ဝင် ၃၀၀ နီးပါး စခန်းစွန့်ခွာ ထွက်ပြေးသွားပြီဖြစ်ကြောင်း သိရသည်။

ပုံစာ-မောင်တောနခခ-၅ မြို့သူကြီး

#ရခိုင် #မောင်တော #နခခ၅ #စစ်ကောင်စီ #စခန်းစွန့်ခွာထွက်ပြေး #လေယာဉ်ဗုံးကြဲ #NAVY #လက်နက်ကြီး #ပစ်ကူ #Ayeyarwaddy_Times