ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပသည့် အိုလံပစ် အားကစားပွဲတော်တွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်သည့် ကစားသမားနှစ်ဦးစလုံးမှာ ရှုံးနိမ့်မှုကြောင့် ပြိုင်ပွဲထွက်ခွာခဲ့ရပြီး မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် အိုလံပစ်ပြိုင်ပွဲမှ ပထမဆုံးထွက်ခွာခဲ့ရသည့် နိုင်ငံဖြစ် လာကြောင်းသိရသည်။
ပဲရစ်အိုလံပစ်တွင် မြန်မာနိုင်ငံမှ မသက်ထားသူဇာ(ကြက်တောင်) နှင့် မောင်ဘုန်းပြည့်ဟန်(ရေကူး) တို့မှ ဝင်ပြိုင်ခဲ့ပြီး ပြိုင်ပွဲနောက်တစ်ဆင့်မတက်မီတွင်ပင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ကြက်တောင်မယ်သက်ထားသူဇာမှာ အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ပြိုင်ပွဲတွင် အုပ်စုအဆင့်၌ နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပြီး ရေကူးအားကစားသမား ဘုန်းပြည့်ဟန်မှာ မီတာ ၁၀၀ အလွတ်ကူး ရေကူးပြိုင်ပွဲ လူရွေးပွဲ၌ ၇၆ ဦးတွင် အဆင့် ၇၃ ဖြင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရကြောင်း သိရသည်။
ပဲရစ်မြို့တွင် ကျင်းပနေသည့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲတွင် နိုင်ငံ ပေါင်း ၂၀၃ နိုင်ငံမှ အားကစားသမား ပေါင်း ၁၁၁၉၄ ဦး ပါဝင်ဆင်နွှဲနေကြောင်းလည်း သိရသည်။
ပြိုင်ပွဲဝင် နှစ်ဦးမှာ အာဏာသိမ်း စစ်ကောင်စီလက်အောက်မှနေ၍ မြန်မာနိုင်ငံကိုယ်စားပြုဝင် ပြိုင်ခဲ့သည့် အတွက် ဝေဖန်မှုများနှင့်လည်း ကြုံတွေ့ခဲ့ရကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းလိုက်သည့် အချိန်မှစတင်ကာ အစိုးရဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ နိုင်ငံအဆင့်အားကစားသမား များမှာ CDM ပြုလုပ်၍ စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြသည်။
စစ်ကောင်စီကို တော်လှန်ခဲ့သည့် နိုင်ငံအဆင့်အားကစားသမားအနက် မြန်မာ့ဂုဏ်ဆောင် မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တူးတူး (နဂါးမာန်) ကို စစ်ကောင်စီက ဖမ်းဆီးခြင်းခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃၊ ဧပြီ ၂၆ ရက်နေ့တွင် နှိပ်စက်သတ်ဖြတ်ခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#အိုလံပစ် #Olympics #မြန်မာကစားသမား #ရှုံးထွက် #အာဆီယံ #Ayeyarwaddy_Times