
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်
အာဆီယံအဖွဲ့ဟာ မြန်မာ့အရေး အဖြေရှာဖို့ လွန်ခဲ့သော ၃ နှစ်က ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီ ချက် ၅ ရပ်ကို ဘက်စုံပါဝင်သော ပြန်လည်သုံးသပ်မှုတစ်ခု ပြုလုပ်မယ်လို့ သိရပါတယ်။
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်မှာကျင်းပတဲ့ ၅၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးအပြီးထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ အာဆီယံဝန်ကြီးတွေဟာ မြန်မာနိုင်ငံရဲ့ အ ခြေအနေကို ဆွေးနွေးကာ ပဋိပက္ခနဲ့ လူသားချင်းစာနာမှုအခြေအနေ ဆိုးရွားလာတာကို အလွန်အမင်း စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။
“အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်မှုကို အသေး စိတ် သုံးသပ်လေ့လာပြီး အောက်တိုဘာလအတွင်း လာအိုနိုင်ငံမှာကျင်းပမယ့် ၄၄ ကြိမ်နဲ့ ၄၅ ကြိမ် မြောက် ထိပ်သီးဆွေးနွေးပွဲတွေမှာ အကြံပြုချက်တွေ တင်ပြမှာဖြစ်ပါတယ်” လို့ ပူးတွဲထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေး ကြိုးပမ်းမှုအတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဉက္ကဌရဲ့ အထူးကိုယ်စားလှယ် အလွန်ကီယိုကစ်တီခွန်အား အထူး အသိအမှတ်ပြုကြောင်း အာဆီယံ နိုင် ငံခြားရေးဝန်ကြီးတွေက ထုတ်ဖော်ပြောခဲ့ပါတယ်။
၅၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း အာဆီယံအဖွဲ့ရဲ့ လက်ရှိ၊ ယခင်နဲ့ လာမယ့်ဉက္ကဌတွေနဲ့ ဖွဲ့စည်းထားတဲ့ Troika mechanism ခေါ် အလွတ်သဘော တွေ့ ဆုံမှုကိုလည်း ၎င်းတို့က ကြိုဆိုခဲ့ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ အရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေအပေါ် အကြမ်းဖက်မှု တွေ ဆက်လက်ကျူးလွန်တာကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက အပြင်းအထန် ရှုတ်ချခဲ့ပြီး အ ကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့ တောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်မယ့် လက်တွေ့ကျသော ဆောင်ရွက်ချက်တွေပြုလုပ်ဖို့၊ စိတ်ရှည်သည်းခံမှု ကျင့်သုံးဖို့၊ အရပ်သားအားလုံး ဘေးကင်းရေး လုပ်ဆောင်ဖို့၊ လူသားချင်းစာနာမှု အ ကူအညီ ပေးအပ်ရေးနဲ့ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်မယ့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီး ဖို့ ၎င်းတို့က သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းပါတယ်။
အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးစင်တာ (AHA Centre) မှတစ်ဆင့် လူသား ချင်းစာနာမှု အကူအညီပေးအပ်မှုပြုလုပ်ရာမှာ တိုးတက်မှုအပေါ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ကြိုဆိုလိုက်ပါတယ်။
“ဒီနှစ် ဇူလိုင်လ ၁၀ ရက်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈ သန်းတန်ကြေးရှိ အကူအညီ တွေ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအကူအညီထဲမှာ ဆန်၊ ပဲ၊ ဆီ၊ ဆားအပြင် တစ်ကိုယ်ရေ ကျန်းမာရေး သုံးပစ္စည်းတွေ ပါဝင်ပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကိုးကား – Bernama
Ref; ASEAN to conduct comprehensive review on 5 point consensus on Myanmar
#Ayeyarwaddy_Times