
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်
ရှမ်းမြောက်၊ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)၏ ဒုတိုင်းမှူးဗိုလ်မှူးချုပ် တင်ထွန်းအောင် သည် ပြင်ဦးလွင်စစ်ဆေးရုံတွင် ကုသမှုခံယူနေရာမှ သေဆုံးသွားကြောင်း သိရသည်။
ကိုးကန့်တပ် (MNDAA) က ဖော်ဆောင်တိုက်ခိုက်နေသည့် မြို့သိမ်းတိုက်ပွဲအတွင်း ဒုစစ်တိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်တင်ထွန်းအောင်သည် လားရှိုးမြို့ရှိ မြို့တော်ခန်းမတွင် အထိုင်ချတပ်စွဲကာ မြေပြင်၌ကွပ်ကဲနေစဉ် ဇူလိုင် ၂၆ ရက်နေ့က ဒရုန်းဗုံးထိမှန်၍ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒုတိုင်းမှူးက ဗုံးထိပြီး မေမြို့(ပြင်ဦးလွင်)ဆေးရုံကို ပို့လိုက်ရတာ။ မနေ့က ဆုံးတယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ဆင်တောင် တာဝါတိုင်ကုန်းစခန်းတိုက်ပွဲတွင် ရှမ်းမြောက်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှမင်းဆိုသူ သေဆုံးခဲ့ပြီး အမှတ် (၁၀) ဆေးတပ်ရင်း၏ တပ်ရင်းမှူး တစ်ဦးသည်လည်း ဦးခေါင်းသေနတ်ထိမှန်၍ နေပြည်တော် စစ်ဆေးရုံတွင် စိုးရိမ်ရလူနာအဖြစ် ကုသမှုခံယူနေကြောင်း သိရသည်။
MNDAA တပ်မှ လားရှိုးမြို့ရှိ စစ်ကောင်စီ၏တပ်စ ခန်းနေရာများကို ရုပ်သံနှင့်တကွထုတ်ပြန်ရာတွင် ဒုတိုင်းမှူးစီမံကွပ်ကဲနေသည့် မြို့တော်ခန်းမ၏ ခေါင်း မိုးများမှာ ပွင့်ထွက်နေသည်ကို တွေ့ရသည်။
လက်ရှိတွင် လားရှိုးမြို့ခံစစ်ကို ရမခတိုင်းစစ်ဦးစီး အရာရှိချုပ်မှ ဦးစီးကွပ်ကဲနေပြီး လတ်တလောတွင် အသစ်ခန့်အပ်ခံထားရသည့် ရမခတိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်မှာ မူဆယ်ဘက်သို့ ထွက်ပြေးသွားကာ ယင်းနေရာမှ စစ်ရေးစီမံမှုများပြုလုပ်နေကြောင်း သိရသည်။
လားရှိုးမြို့ အလုံးစုံကို သိမ်းပိုက်ထိန်းချုပ်နိုင်ရန် MNDAA နှင့်ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ယခင်ရက်များကတည်းက ပွင့်သွားခဲ့သည့်လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားအချို့နှင့် လွတ်ရက်နီးအကျဉ်းသားများကို စိစစ်ရွေးချယ် လွှတ်ပေးလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ပုံစာ- စစ်ကောင်စီဒုတိုင်းမှူး ကွပ်ကဲတပ်စွဲခဲ့သည့် မြို့တော်ခန်းမ MNDAA ပူးပေါင်းတပ် သိမ်းပိုက်ရရှိ ခဲ့သည့်မြင်ကွင်း
#ရှမ်းမြောက် #လားရှိုး #ရမခ #ဒုစစ်တိုင်းမှူး #ဗိုလ်မှူးချုပ်တင်ထွန်းအောင် #သေဆုံး #Ayeyarwaddy_Times